သက်ကယ်ပြင် ဒုက္ခသည်စခန်းကို ပိတ်သိမ်းဖို့ စီစဉ်
2018.01.03
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က သက်ကယ်ပြင်ဒုက္ခသည်စခန်းကို ပိတ်သိမ်းပြီး သင့်တော်တဲ့နေရာမှာ ပြန်လည်နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ရေးဆိုင်ရာ ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဒီနေ့ ပြောပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တွေမြို့ကိုသွားရောက်ပြီး ပြည်နယ်အစိုးရအဖွဲ့၊ သက်ကယ်ပြင်စခန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့တာဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
"ပြည်နယ်အစိုးရရယ်၊ သက်ကယ်ပြင်စခန်းက အုပ်ချုပ်သူတွေနဲ့တွေ့တယ်၊ အဓိက ကတော့ ၂၀၁၂ ခုနှစ်တည်းက Camp အသွင်နဲ့ ဖြစ်နေတဲ့ ကိစ္စတွေ၊ အဲဟာတွေနဲ့ ပတ်သက်ပြီးတော့ ဒီ Camp တွေကို ရေရှည်ဆိုရင် မကောင်းဘူး၊ ဒါကြောင့်မို့လို့ Camp တွေကို ဖျက်သိမ်းပြီးတော့ ပြန်လည်နေရာချထားပေးရေးနဲ့ ပတ်သက်ပြီးတော့ သူတို့နဲ့ တိုင်ပင်တယ် ဆွေးနွေးတယ်၊ အဲကိစ္စ ဆောင်ရွက်တာ၊ သက်ကယ်ပြင် Campနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်တယ်"
ဒါ့အပြင် ဥပဒေနဲ့ အညီ လွတ်လပ်စွာသွားလာခွင့်ရဖို့အတွက် NV Card ဆောင်ရွက်ဖို့နဲ့ NV Card ကိုင်ဆောင်ထားသူတွေ ရရှိမယ့် အခွင့်အရေးတွေကိုလည်း ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။
အစိုးရရဲ့အစီအစဉ်ကို သဘောကျတဲ့သူတွေရှိသလို သဘောမကျတဲ့သူတွေလည်းရှိတယ်လို့ သက်ကယ်ပြင် ဒုက္ခသည်စခန်းခေါင်းဆောင် ဦးရွှေမောင် က ပြောပါတယ်။
"အစိုးရကနေ ကျနော်တို့ လွတ်လွတ်လပ်လပ်နေလို့ရအောင် ဆောက်ပေးမယ်လို့ပြောတယ်၊ အဲဒါကို လူထုကို ကျနော်တို့ရှင်းပြတယ်၊ တချို့က အဲလိုမျိုး စိတ်ဆန္ဒရှိတဲ့သူတွေလည်း ရှိတယ်၊ တချို့လူတွေက လုံးဝ သဘောမကျတဲ့ပုံစံဖြစ်နေတယ်လေ၊ ခိုင်ခိုင်မာမာ အဆောက်အဦး ဆောက်ပေး မယ်ဆိုရင် ပထမ မီးလောင်တဲ့နေရာဆုံးရှုံးမှာစိုးလို့ သူတို့က အဲလိုမျိုးပြောနေကြတယ်၊ ခိုင်ခိုင်မာမာဆောက်ပြီးသွားရင် ရွာပုံစံမျိုးဖြစ်သွားမယ်၊ တဖြည်းဖြည်းနဲ့ ကျနော်တို့ ရိက္ခာကို သိမ်းလိုက်မယ်၊ တစ်ခြား NGO အဖွဲ့တွေ၊ တခြားအလှူရှင်တွေ ရပ်သွားမှာစိုးလို့၊ WFP ကနေ စားနပ်ရိက္ခာပေးတယ်၊ အဲဒါကိုရပ်သွားမှာ စိုးရိမ်နေကြတယ်"
သက်ကယ်ပြင်ဒုက္ခသည်စခန်းဟာ ၂၀၁၂ ခုနှစ် ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး လာမယ့် ဇွန်လဆိုရင် ၆ နှစ်ပြည့်မှာ ဖြစ်ပါတယ်။
အဲဒီစခန်းမှာ အိမ်ထောင်စု ၁ ထောင်ကျော်၊ လူဦးရေ ၆ ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။