ဒုက္ခသည်တွေ နေရပ်ပြန်လာရေး နှစ်နိုင်ငံကြား အပြစ်တင်နေတာရပ်ဖို့ ဦးဝင်းမြ တိုက်တွန်း
2018.09.27

ရခိုင်ပြည်နယ်က ထွက်ပြေးသွားသူတွေ ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့ တဖက်နဲ့ တဖက် အပြစ်တင်နေတာတွေထက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်းပြီး နေပြည်တော်က Park Royal ဟိုတယ်မှာ ဒီနေ့ ပြုလုပ်တဲ့ စီးပွားရေးလုပ်ငန်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲအပြီးမှာ ဦးဝင်းမြက သတင်းထောက်တွေကို ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ရခိုင်ပြည်နယ်က ထွက်ပြေးတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေး ကိစ္စမှာ မြန်မာအစိုးရက နှောင့်နှေးအောင်လုပ်နေတယ်လို့ မနေ့က တွေ့ဆုံမေးမြန်းချက်တစ်ခုမှာ မြန်မာကို ဝေဖန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်တိုက်ခိုက်မှုအပြီး မြန်မာနိုင်ငံကနေ မွတ်စလင်ဒုက္ခသည်ပေါင်း ၇ သိန်းကျော် ထွက်ပြေးသွားတယ်လို့ ကုလနဲ့ သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
အဲဒီလူတွေပြန်လည်လက်ခံဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ၂၃ ရက်နေ့ မှာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်လအတွင်း ပြန်လည်ခေါ်ယူဖို့ပါရှိပေမယ့် အခုအချိန်အထိ မခေါ်ယူနိုင်သေးပါဘူး။
မြန်မာအစိုးရက ငါးခူရနဲ့ တောင်ပြိုလက်ဝဲမှာ လက်ခံရေးစခန်း ၂ ခုနဲ့ လှဖိုးခေါင်မှာ ယာယီလက်ခံရေးစခန်း ၁ ခုဖွင့်လှစ်ပြီး လက်ခံဖို့အသင့်ဖြစ်နေပြီလို့လည်း ပြောထားပါတယ်။