နိုင်ငံသားမဟုတ်သူတွေကို လက်မခံဖို့ အဆို အတည်ပြု
2018.04.06

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းဒေသမှာ နိုင်ငံသားမဟုတ်သူတွေကို ပြန်လည်နေရာချထားခြင်း မပြုဖို့အတွက် ရခိုင်ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
အဲဒီအရေးကြီးအဆိုကို ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့က တင်ခဲ့သွင်းခဲ့တာဖြစ်ပြီး ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်တာလို့ အဆိုတင်သွင်းခဲ့တဲ့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။
‘’မောင်တောရဲ့ တောင်ပိုင်းမှာနေရာ ၈ နေရာကို နေရာချထားတယ်လို့ သိရတယ်၊ တိုင်းရင်း သားတွေ နောက်ဆက်တွဲ အကြမ်းဖက်ခံရမယ်ဆိုတာ ကြိုပြီးတော့ ပြည်ထောင်စုအစိုးရကို တင်ပြတာဖြစ်ပါတယ်၊ ကျနော်တို့အစိုးရကို အကြပ်ရိုက်စေဖို့ လုပ်တာမဟုတ်ဘူး၊ လက်မခံနဲ့လို့ ကျနော်တို့မပြောဘူး၊ ဒီလူတွေနဲ့ ဒီလူတွေ အတူထားလာမယ်ဆိုရင် ဒီမှာရှိနေတဲ့ ဒေသခံ တိုင်းရင်းသားတွေကို အကြမ်းဖက်လာနိုင်တယ်ဆိုတော့ လုံခြုံရေးအရ သူတို့ကိုထိန်းချုပ်နိုင် တဲ့နေရာတွေမှာ ထားပေးရမယ်’’
အစိုးရက တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်တွေကို ပြန်လည်နေရာချထားပေးဖို့ အတွက် မောင်တောမြို့နယ်တောင်ပိုင်းဒေသကနေရာ ၈ နေရာမှာ အိမ်ယာတွေ ဆောက်လုပ်ပေးနေတာပါ။
မွတ်စလင် အကြမ်းဖက်သမားတွေနဲ့ သူတို့ရဲ့ အမာခံတွေဟာ မောင်တောတောင်ပိုင်းဒေသက ပင်လယ်ပြင်ကို အခြေပြုပြီး မေယုတောင်ကြောကို စိုးမိုးရယူဖို့ကြိုးစားခဲ့ကြသလို တိုင်းရင်းသားတွေကိုလည်း ခြိမ်းခြောက်ကာ အကြမ်းဖက်လုပ်ရပ်တွေကို စနစ်တကျလုပ်ဆောင်ခဲ့တာ တွေ့ရတယ်လို့ ဦးထွန်းအောင်သိန်း က ဆိုပါတယ်။
အဲဒီမောင်တောတောင်ပိုင်းမှာ နိုင်ငံသားမဟုတ်သူတွေကို ပြန်လည်နေရာချထားပေးမယ်ဆိုရင် နောက်ထပ် အလားတူအကြမ်းဖက်မှုတွေဖြစ်လာအောင် ဖိတ်ခေါ်နေသလိုဖြစ်နေမယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။