ပြန်လည်လက်ခံရေးအစီအစဉ် ရှင်းပြခွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ထံ မြန်မာအစိုးရ တောင်းဆို
2018.04.07
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွား သူတွေကို ပြန်လည်လက်ခံရေး အစီအစဉ်တွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ သွားရောက် ရှင်းပြခွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရထံ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံကို ပြန်လာလိုတဲ့ မွတ်စလင်ဒုက္ခသည် ၈ ထောင်ကျော်ထဲမှာ စိစစ်ခွင့်ပြုထားတဲ့ လူဦးရေ ၆၀၀ ကျော်နဲ့လည်း တွေ့ဆုံနိုင်ဖို့ စီစဉ်ထားတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။
“ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်လောက်က ကျနော်တို့ လူ ၅၀၀ ကျော် စာရင်းပေးထားပြီးဖြစ်ပါတယ်။ မနေ့က ကျနော်တို့ လူ ၁၁၉ ယောက် ကျနော်တို့ ထပ်ပြီးပေးပါတယ်။ အဲဒီတော့ ကျနော်တို့ဘက်ကတော့ ပြည်ထဲရေး ဝန်ကြီး ခရီးစဉ်မှာ ပြန်လည်လက်ခံရရှိထားတဲ့ လူ ၈၀၃၂ ဦးထဲက ၆၇၅ ဦးစိစစ်ပြီး ပြန်ကြားထားပြီးဖြစ်ပါတယ်။ အဲဒီတော့ ဒီပုဂ္ဂိုလ်တွေနဲ့လည်း အဆင်ပြေတယ်ဆိုရင် ကျနော်တို့ အခုသွားရောက်မယ့် ကိုယ်စားလှယ်အဖွဲ့က တွေ့ဆုံဖို့စီစဉ်ထားဖို့ မေတ္တာရပ်ခံထားပါတယ်”
ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ရဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့အဖွဲ့ဟာ လာမယ့် ဧပြီလ ၁၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်မှာဖြစ်ပါတယ်။ အဲဒီခရီးစဉ်အတွင်း ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့နဲ့ ပြန်လည်လက်ခံရေး ဆောင်ရွက်ထားတဲ့ အခြေအနေတွေကို ရှင်းပြခွင့်တောင်းထားတာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေး ကိစ္စတွေကို ဆွေးနွေးသွားဖို့ ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး မြန်မာအစိုးရဘက်က ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပေမယ့် အခုချိန်ထိ ပြန်လာသူ မရှိသေးပါဘူး။