အစိုးရရဲ့ မွတ်စလင်အသုံးအနှုန်း ရန်ကုန်မှာ ဆန္ဒပြ


2016.07.10
bangali-protest-ygn-620.jpg ရခိုင်ပြည်နယ်က မွတ်စလင် ဆိုတဲ့ အသုံးအနှုန်းကို ပယ်ဖျက်ပေးဖို့ မြန်မာအမျိုးသားရေး ကွန်ရက်က ဦးဆောင်ပြီး ဇူလိုင်လ ၁၀ ရက်နေ့က ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Aung Thain Kha/ RFA

ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်းဆိုတဲ့ အစိုးရရဲ့ အသုံးအနှုန်းအသစ်ကို မြန်မာအမျိုးသားရေးကွန်ရက်က ဦးဆောင်ပြီး ဒီနေ့ ရန်ကုန်မြို့မှာ လူ ၅ဝဝ ကျော်လောက် ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

တိုင်းပြည်ဆူပူစေတဲ့ စကားလုံးတွေကို အစိုးရအနေနဲ့ မသုံးနှုန်းသင့်ကြောင်း မြန်မာအမျိုးသားရေး ကွန်ရက် ဥက္ကဌ ဦးဝင်းကိုကိုလတ် က ပြောပါတယ်။

"ပြည်သူ့အစိုးရက ပြည်သူတွေကို အုပ်ချုပ်တဲ့နေရာမှာ ပြည်သူလူထုကို လမ်းပေါ်ထုတ်ပြီးတော့ တိုင်းပြည် မတည်ငြိမ်အောင် လုပ်ဖို့အတွက် သူတို့တွေ မကြံစည်သင့်ဘူး၊ တိုင်းပြည်ကိုတည်ငြိမ်အောင်လုပ်ဖို့ ကြိုးစားရမယ့်ကိစ္စနေရာမှာ ပြည်သူတွေကို လမ်းပေါ်ထုတ်မယ့် စကားမျိုးကို ပြည်သူ့အစိုးရက ပြောချင် သလား၊ ပြည်သူ့အစိုးရလို့ ခံယူထားတဲ့လူက ပြည်သူတွေကို လမ်းပေါ်ထုတ်လာရင် ကျနော်တို့ ပြည်သူတွေ ကလည်း လမ်းပေါ်ကိုထွက်ရမှာပဲ"

ဆန္ဒပြသူတွေဟာ ရခိုင်ပြည်နယ်က မွတ်စလင်ဆိုတဲ့ အသုံးအနှုန်းကို ပယ်ဖျက်ပေးဖို့နဲ့ ဘင်္ဂါလီလို့သာ ခေါ်ဝေါ်ဖို့ စာသားပါ ပိုစတာတွေ ကိုင်ဆောင်ပြီး ရန်ကုန်မြို့ ရွှေတီဂုံစေတီ အရှေ့ဘက်မုခ် ကြေးသွန်းဘုရား ရှေ့ကနေ လမ်းလျှောက်ချီတက်ခဲ့ကြပြီး တာမွေမြို့နယ် လူထုဟစ်တိုင်မှာ စုဝေးဟောပြောခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဗိုလ်စိန်မှန်ကွင်းကနေ လူထုဟစ်တိုင်ကွင်းထိသာ လမ်းလျှောက်ဆန္ဒပြခွင့်ပြု ခဲ့ပြီး အခုဆန္ဒပြတဲ့ လမ်းကြောင်းဟာ ခွင့်ပြုချက်ပေးမထားတာကြောင့် ဦးဆောင်သူတွေကို ငြိမ်းချမ်းစွာစုဝေးခွင့် ဥပဒေ ပုဒ်မ ၁၉ နဲ့ အရေးယူသွားမယ်လို့ ဗဟန်းမြို့နယ်ရဲမှူး ဦးဆွေဝင်း က ပြောပါတယ်။

ဆန္ဒပြပွဲကို မြန်မာအမျိုးသားကွန်ရက်၊ မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂအဖွဲ့၊ ရခိုင်လူငယ်အဖွဲ့နဲ့ အမျိုးသားရေးလှုပ်ရှားကြတဲ့ အဖွဲ့အစည်းတွေနဲ့ အမျိုးသားရေး အသင်းအဖွဲ့ အသီးသီးက ပေးပို့တဲ့ သဝဏ်လွှာတွေကိုလည်း ဖတ်ကြားခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကောင်စီညီလာခံမှာ မြန်မာ အစိုးရကိုယ်စားလှယ်က လူမျိုးအမည်ခေါ်ဆိုမှု အငြင်းပွားမှုရှိနေသူတွေကို ရခိုင်ပြည်နယ်က မွတ်စလင်တွေဆိုပြီး သုံးနှုန်းပေးဖို့ ပြောကြားခဲ့တဲ့အပေါ် ဆန္ဒပြကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။