မြစ်ကြီးနား သံဃာအပါး ၇ဝ မွတ်စလင်များက ဆွမ်းကပ်လှူ
2013.09.09

ဘာသာပေါင်းစုံ ချစ်ကြည်ရေး အထိမ်းအမှတ်အနေ နဲ့ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဆရာတော်ကြီး ဦသီလဝံသနဲ့ သံဃာတော်အပါး ၇ဝ ကို မြစ်ကြီးနားမြို့ခံ အစ္စလာမ်ဘာသာဝင်တွေက မနေ့က နေ့ဆွမ်းကပ်လှူခဲ့ပါတယ်။
ဝန်းသိုဆရာတော်ကြီးက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ချစ်ခင်စွာအတူတကွနေထိုင်ကြဖို့ မိန့်ကြားခဲ့တယ်လို့ ဆွမ်းကပ်လှူရာမှာပါဝင်ခဲ့တဲ့ မြစ်ကြီးနားမြို့မဗဟိုဗလီ ဥက္ကဋ္ဌ ဟာဂျီ ဦးမင်းလွင်က RFA ကို ပြောပါတယ်။
“ဆရာတော်ကြီးကတော့ ကျနော်တို့ကချင်ပြည်နယ်မှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွယှဉ်တွဲပြီး ချစ်ချစ်ခင်ခင် နေထိုင်ခဲ့တာလည်းရှိပါတယ်၊ ဒီပွဲကိုလုပ်တာလည်း ဝမ်းမြောက်ဝမ်းသာတယ်၊ နောက်လည်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ဒီလိုပဲ ချစ်ချစ်ခင်ခင် ယှဉ်တွဲနေထိုင်ကြပါလို့ မိန့်ကြားခဲ့ပါတယ်၊ ရဟန်းသံဃာတော်တွေ၊ ဆရာတော်တွေကိုလည်း ကျနော်တို့ အစ္စလာမ်ဘာသာဝင်တွေကလည်း ကြည်ညိုလေးစားပါတယ်၊ ကျနော်တို့ဒီမှာလည်း အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာ၊ တခြားဘာသာအားလုံး ချစ်ခင်ရင်းနှီးမှု နဂိုကတည်းကရှိပြီးသားပါ၊ ဒီထက်ပိုပြီး ချစ်ခင်ရင်းနှီးဖို့အတွက် တခြားဘေးပယောဂတွေမဝင်အောင် အဲဒီရည်ရွယ်ချက်နဲ့ ကျနော်တို့ ရဟန်းသံဃာတော်တွေကို ဆွမ်းကပ်ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေး အမှတ်တရအနေနဲ့ မိတ်ဆုံစားပွဲပြုလုပ်တာပါ”
ဒါ့အပြင် သံဃာတွေကို ဆွမ်းကပ်အပြီးမှာ တက်ရောက်လာကြတဲ့ ဘာသာပေါင်းစုံက မြို့မိမြို့ဖတေွနဲ့လည်း ချစ်ကြည်ရေးအထိမ်းအမှတ် မိတ်ဆုံစားပွဲပြုလုပ်ခဲ့ပါတယ်။