စစ်ကိုင်းမှာ မူးမြစ်ရေကြီး၊ အိမ်ခြေ ၂ဝဝ ကျော်နစ်မြုပ်


2015.10.14
flooding-sagaing-620 စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကျေးရွာတချို့ ရေဖုံးလွှမ်းနေတာကို သြဂုတ်လ ၃၁ ရက်နေ့က တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်မှာ မိုးကြီးပြီး မူးမြစ်ရေတက်လာတာကြောင့် မြစ်ကမ်းတစ်လျှောက်က အိမ်ခြေ ၂ဝဝဝ ကျော် ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၃ရက်လောက်ကစပြီး မိုးကြီးနေတာကြောင့် နေအိမ် ရေနစ်မြုပ်နေတဲ့ မိသားစု ဝင်တွေဟာ နီးစပ်ရာဆွေမျိုးအိမ်တွေမှာ နေကြရတယ်လို့ စစ်ကိုင်း တိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန ဦးစီးမှူး ဦးစဝီလီဖရန့်(စ်)က ပြောပါတယ်။

"လောလောဆယ်တော့ မူးမြစ်ရေတိုးလို့ ရေတွေဝင်တာတော့ရှိပါတယ်၊ နီးစပ်ရာဆွေမျိုးသားချင်းတွေအိမ်မှာ နေထိုင်ကြတယ်လို့ သိရတယ်၊ မူးမြစ်နဲ့ လွတ်တဲ့နေရာတွေမှာနေတယ်လို့ သိရတယ်"

မူးမြစ်ရေမြင့်တက်လာတာကြောင့် ဝက်လက်မြို့နယ်က စွယ်ကွေ့၊ ဥယျာဉ်သာ၊ တည်တော နဲ့ သမ္မာရိုး စတဲ့ ကျေးရွာ ၉ ရွာလောက်မှာ ရေကြီးနစ်မြုပ်နေတာဖြစ် ပြီး အဲဒီထဲက အိမ်ခြေ ၉၀၀ နီးပါးလောက်ရှိတဲ့ သမ္မာရိုးကျေးရွာမှာ လူဦးရေ ၃၅၀၀ လောက် ရေဘေးဒုက္ခရောက်နေတယ်လို့ သမ္မာရိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောပါတယ်။

"အောက်တိုဘာလ ၁၁ ရက်ထိကြီးပြီးတော့ ၁၂ ထိထပ်ကြီးတာပေါ့၊ ၁၃ ရက်နေ့ ညကျတော့ ၆ လက်မလောက်ပြန်လျော့သွားတယ်၊ အခုထိပေါ့နော်၊ ကျနော်တို့ အနက်ဆုံးနေရာက ၆ ပေလောက်ရှိတယ်၊ ကျနော်တို့ကတော့ တောင်သူလယ်သမား ဆိုတော့ ရှိတာလေးချက်စားတာပေါ့ဗျာ၊ ကျနော်တို့ စာသင်ကျောင်းတို့၊ လမ်းဘေးတို့ မြင့်တာလေးတွေမှာ နေကြတယ်"

သမ္မာရိုးကျေးရွာဟာ ရွှေဘို-မုံရွာ လမ်းပေါ်မှာရှိတာကြောင့် ဒေသခံတစ်ချို့ဟာ ကားလမ်းပေါ်မှာ ယာယီ တဲထိုးပြီး နေကြသူတွေရှိသလို တစ်ချို့ကလည်း အမြင့်ပိုင်းက နီးစပ်ရာဆွေမျိုးအိမ်တွေမှာ နေထိုင်ကြတယ်လို့ သိရပါတယ်။

အဲဒီကျေးရွာမှာ ရေကြီးနစ်မြုပ်မှုကြောင့် ကျွဲ၊ နွားတချို့ နဲ့ လယ်ယာမြေ ဧက ၁ ထောင်နီးပါး ပျက်စီးဆုံးရှုံးသွားတယ်လို့လည်း သိရပါတယ်။

အလားတူ ရေဦးမြို့နယ် နဲ့ အရာတော်မြို့နယ်တို့မှာ အိမ်ခြေ ၁၀၀ နီးပါးစီလောက် ရေနစ်မြုပ်နေတာဖြစ်ပြီး ဒီနေ့အထိ ရေပြန်မကျသေးဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။