ထိန်းသိမ်းခံ ကျောင်းသားတွေ သပိတ်လှန်ဖို့ ကိုမြအေး တိုက်တွန်း
2015.11.12

ရွေးကောက်ပွဲအပြီး နိုင်ငံမှာလိုအပ်နေတဲ့ ကျောင်းသားတွေအတွက် စိုးရိမ်မိတာကြောင့် အစာငတ်ခံ ဆန္ဒပြနေတဲ့ ကိုအောင်မှိုင်းဆန်း အပါအဝင် ထိန်းသိမ်းခံကျောင်းသားတွေကို သပိတ်လှန်ဖို့ ၈၈ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးက မနေ့က တွေ့ဆုံမေတ္တာရပ်ခံခဲ့ပါတယ်။
တချိန်တည်းမှာ ကျောင်းသားတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။
ပညာရေးပြုပြင်ပြောင်းလဲမှုတွေအတွက် တောင်းဆိုဆန္ဒပြရင်း လက်ပံတန်းမှာအကြမ်းဖက် ဖမ်းဆီးခံခဲ့ရ တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို မနေ့က သာယာဝတီထောင်ကနေ ရုံးထုတ်ခဲ့ရာမှာ ၈၈ မျိုးဆက်ခေါင်ဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးက ကျောင်းသားတွေနဲ့တွေ့ဆုံ မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။
"အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေက ကျနော်တို့ အကောင်းတွေလည်း ကြုံလာသလို၊ အဆိုးတွေ လည်း ဖြစ်လာနိုင်စရာရှိတယ်၊ အဲ့ဒီအခါမှာ ကျနော်တို့ လုပ်ရဲကိုင်ရဲသတ္တိရှိတဲ့ ဖြတ်သန်းခဲ့တဲ့လူတွေ အဲ့လို ကိုအောင်မှိုင်းဆန်း တို့လိုပေါ့၊ အခုလက်ရှိ ဗကသ ကျောင်းသားတွေ၊ တကသ ကျောင်းသားတွေ သူတို့လိုအများကြီး ကျနော်တို့အတွက် လိုအပ်ပါတယ်၊ လုံးဝတိုင်းပြည်အတွက် လိုအပ်ပါတယ်၊ အဲ့ဒီတော့ တစ်ယောက်ဆိုလည်းတစ်ယောက် ကြီးသည်ဖြစ်ဖြစ် ငယ်သည်ဖြစ်ဖြစ် ကျနော်တို့ တစ်ယောက်ကိုမှ အဆုံးအရှုံးမခံနိုင်ဘူး၊ အဲ့ဒီအတွက် ကိုအောင်မှိုင်းဆန်းကို ကျနော်အနေနဲ့ မေတ္တာရပ်ခံပါတယ်၊ အစာငတ်ခံ တာကို စဉ်းစားပြီးတော့ ရပ်ပေးပါဆိုပြီးတော့ ကျနော်ပြောတာပါ၊ တပြိုင်နက်တည်းမှာလည်း ကျနော် အစိုးရ ကိုတောင်းဆိုတယ်၊ဒီကျောင်းသားတွေအားလုံးကို အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုတယ် ဆိုရင် နိုင်ငံရေးသြဇာရှိတဲ့လူတွေနဲ့ ဆွေးနွေးရုံတင်မကဘူး ဒီကျောင်းသားတွေ ပြန်လွှတ်ပေးတာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးပဲ၊အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့ ကျနော်မြင်တယ်၊အဲ့ဒီၤအတွက် အစိုးရကိုလည်း တပြိုင်နက်တည်း တောင်းဆိုတယ်၊အဲ့ဒီအကျိုးအကြောင်းတွေကို ကျနော်ပြောပြီးတော့မှ ကိုအောင်မှိုင်းဆန်းကို ကျနော် မေတ္တာရပ်ခံတာပါ"
ကိုမြအေးရဲ့ မေတ္တာရပ်ခံချက်ကို ပြန်လည်စဉ်းစားမှာဖြစ်တယ်လို့ ကိုအောင်မှိုင်းဆန်းက တုန့်ပြန်ကြောင်း သိရပါတယ်။
လက်ရှိအနေနဲ့ အဖမ်းဆီးခံ ကျောင်းသားတွေထဲက ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း အပါအဝင် ၁၄ ဦးအစာငတ်ခံ ဆန္ဒပြနေတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ ကိုအောင်မှိုင်းဆန်း အစာငတ်ခံဆန္ဒပြနေတာ ရက်ပေါင်း၂ဝ ရှိပြီဖြစ်ပြီး၊ ဆန္ဒပြနေသူ ကျောင်းသားအများစု ကျန်းမာရေးအရ ယိုယွင်းနေကြကြောင်း သိရပါတယ်။
ကျောင်းသားတွေကို စတင်ဖမ်းဆီးခဲ့ချိန်ကစလို့ အမြန်ပြန်လွှတ်ပေးဖို့ ၈၈ ခေါင်းဆောင်တွေက အာဏာပိုင်တွေကို ဆယ်ကြိမ်မက တွေ့ဆုံပြောဆိုခဲ့ကြောင်း၊ အမူစစ်ဆေးပြီးလို့ စီရင်ချက်ချပြီးတဲ့အချိန်ကျမှ သမ္မတ အမိန့်နဲ့ ပြန် လွှတ်ပေးမှာဖြစ်တယ်လို့ ထိပ်တန်းအာဏာပိုင်တစ်ဦးက ပြောဆိုကြောင်း ကိုမြအေးက ပြောပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲအပြီး တခြားလုပ်ကိုင်စရာတွေ အများအပြားကြားမှာ ကျောင်းသားတွေဟာ အမေ့လျော့ ခံဖြစ်နေမှာကို စိုးရိမ်တယ်လို့ ကိုမြအေးက ပြောပါတယ်။
ကိုမြအေးကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။