မြိုင်မှာ စာသင်ကျောင်းနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ ဗုံးကြဲခံရ
2024.09.24

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရွာနှစ်ရွာကို စက်တင်ဘာလ ၂၂ နဲ့ ၂၃ ရက် နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ကျောင်းနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၂၂ ရက် နေ့လယ် ၁၂ နာရီ အချိန်မှာ ကန်ကြီးတောရွာ ဗုံးကြဲခံရတာကြောင့် စာသင်ကျောင်းဆောင်၊ ဘုန်းကြီးကျောင်းဆောင်နဲ့ နေအိမ်တစ်လုံး ပျက်စီးခဲ့သလို စေတီအချို့လည်း ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ညပိုင်းမှာပဲ အင်းရောင်းရွာနဲ့ ကန်ကြီးတော ရွာကြားကို ဂျက်တိုက်လေယာဉ်နဲ့ ပေါင်သုံးရာဗုံး ကြဲချခဲ့ပေမဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၂၃ ရက်နေ့ မနေ့ကတော့ စစ်ကောင်စီတပ်က အင်းရောင်းရွာကို လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့တာကြောင့် ရဟန်းတစ်ပါးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပထမ တစ်စီးက ရော့ကတ်တွေနဲ့ ပစ်ခတ်ပြီးတော့မှ ဒုတိယအကြိမ်မှာ ပေါင်သုံးရာ ဗုံးတွေချတာဗျ။ အင်းရောင်းရွာက ဘုန်းကြီးကျောင်း ပျက်စီးတာတွေရှိတယ်။ ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီး တစ်ဦး ဒဏ်ရာရသွားတယ်ဗျ။ မနေ့ ပစ်သွားတာက ဘုရားစေတီတွေပါ ပျက်စီးတယ်ဗျ”
ထိခိုက်ဒဏ်ရာရသူတွေရဲ့ အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။
တော်လှန်အင်အားစုတွေ အားကောင်းတဲ့ မြိုင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စာသင်ကျောင်းတွေ မလည်ပတ်နိုင်အောင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
မြိုင်မြို့ပေါ်နဲ့ ပျူစောထီးအားကောင်းတဲ့ ရွာတချို့ကလွဲပြီး နေရာအများစုကို တော်လှန်ရေးအဖွဲ့တွေက နယ်မြေစိုးမိုးထားပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ မကြာခဏ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့ကလည်း မြိုင်မြို့နယ် လက်ယက်မရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းအချိန်အထိ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၂၅၀၀ နီးပါး ပြုလုပ်ခဲ့ပြီး ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၂၀၄ ခု၊ ဆေးရုံဆေးခန်း ၅၇ ခုနဲ့ စာသင်ကျောင်း ၂၀၇ ကျောင်း ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC စက်တင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။