မြိုင်မှာ လေကြောင်းကနေ ပစ်ခတ်တာကြောင့် လေးဦးဒဏ်ရာရ
2024.11.02

မကွေးတိုင်း မြိုင်မြို့နယ်မှာ နိုဝင်ဘာလ ၂ ရက်နေ့က ကနီရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တာကြောင့် အရပ်သားနှစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ လာရောက်ပစ်ခတ်သွားတာလို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ကနီပျူရွာရဲ့အနီးတဝိုက်မှာ ဘာမှလည်းမရှိဘူးဗျ အဲတာကို လေကြောင်းကနေ MI 35 နဲ့ လာပြီး ပစ်သွားတာပေါ့၊ အဲနားလေးမှာ ပျူရွာနားနီးတော့ ပြည်သူတွေ သွားရေးလာရေးအဆင်ပြေအောင် ဂိတ်ကင်းစောင့်နေတဲ့ ရဲဘော်တွေလည်း ရှိတာပေါ့၊ အဲတာတွေ လာပစ်သွားတာပေါ့၊ ထိခိုက်ဒဏ်ရာကတော့ ပြည်သူနှစ်ဦးထိတယ်၊ ရဲဘော်နှစ်ဦး ထိတယ်"
မြိုင်မြို့နယ်ထဲက ပျဉ်းကတောရွာဘက်မှာ စစ်ကောင်စီစစ်ကြောင်းထိုးနေပြီး အဲနားကရွာတွေကို ဝင်ရောက်မွှေနှောက်ကာ ပစ္စည်းတွေ ယူသွားသလို နေအိမ်တွေကိုလည်း မီးရှို့တာတွေရှိတယ်လို့လည်း မြိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ နေအိမ်မီးလောင်ပျက်စီးတဲ့အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
လေကြောင်းကနေ ပစ်ခတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ကလည်း မြိုင်မြို့နယ် လက်ယက်မရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ခြောက်ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောထားပါတယ်။
ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ အခုနှစ် မေလကနေ ဩဂုတ်လအထိ လေးလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နေ့တိုင်းလုပ်နေပြီး အရပ်သား ၄၅၅ ဦး သေဆုံးခဲ့သလို ၈၁၉ ဦး ဒဏ်ရာရခဲ့ပါတယ်။