အင်ဒိုနီးရှားက လူကုန်ကူးခံရသူ မြန်မာ ၁၃၀ နေရပ်ပြန်လာဖွယ်ရှိ
2015.10.06

အင်ဒိုနီးရှားနိုင်ငံက ငါးဖမ်းလုပ်ငန်းမှာ လူကုန်ကူးခံခဲ့ရပြီး၊ အမ်ဘုံကျွန်းမှာ သောင်တင်နေကြတဲ့ မြန်မာနိုင်ငံ သား ၁၃၀ ကို သူတို့ရဲ့ လုပ်ခလစာကိစ္စတွေ ဖြေရှင်းပြီးတဲ့နောက် ဒီလကုန်မှာ မြန်မာနိုင်ငံ ပြန်ပို့နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လကလည်း မြန်မာနိုင်ငံသား ၁၇၆ ယောက်ကို အလုပ်ရှင်တွေထံက ရစရာရှိတဲ့ လုပ်ခလစာတွေ ရှင်းလင်းပြီးတာနဲ့ အမ်ဘုံကျွန်းကနေ မြန်မာနိုင်ငံ ပြန်ပို့ပေးခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းက ဘင်ဂျီနာကျွန်းကနေ ပြန်ပို့လိုက်တဲ့ မြန်မာအလုပ်သမား ၄၄၃ ယောက် ကတော့ အင်ဒိုနီးရှားအလုပ်ရှင်တွေဆီက လုပ်ခလစာမရရှိခဲ့ကြဘူးလို့ သိရပါတယ်။ ဒီကိစ္စအတွက် အင်ဒိုနီးရှား ဆိုင်ရာ မြန်မာသံရုံးက အလုပ်ရှင်တွေကို တရားစွဲဆိုဖို့ အကူအညီပေးမယ်လို့ ဆင်ဝှာသတင်းက ဖေါ်ပြပါတယ်။
ဒီအမှုအတွက် မြန်မာ အလုပ်သမား ၁၄ ဦးက အင်ဒိုနီးရှား ငါးဖမ်းကုမ္ပဏီတစ်ခုကို လူမှောင်ခိုမှုနဲ့ တရားစွဲဆိုရာမှာ သက်သေအဖြစ်ထွက်ဆိုဖို့ ဒီလကုန်ပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံကို ထွက်ခွာမယ်လို့ သိရပါတယ်။