အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးမည်

RFA Burmese
2025.01.18
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးမည် မလေးရှားနိုင်ငံ လန်ကာဝီတွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ရောက်ရှိလာသည့် မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတွတ်စရီ မိုဟာမက် ဟာဆန်အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ်။
Bernama

မလေးရှားနိုင်ငံ လန်ကာဝီမှာ ဇန်နဝါရီ ၁၉ ရက် တနင်္ဂနွေနေ့မှာ စတင်ကျင်းပမဲ့ အာဆီယံ- အရှေ့တောင်အာရှ နိုင်ငံများအသင်း နိုင်ငံခြားရေးဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးမှာ မြန်မာနိုင်ငံ အကျပ်အတည်း၊ ပထဝီနိုင်ငံရေး တင်းမာမှုနဲ့ အခြားဒေသတွင်း တည်ငြိမ်အေးချမ်းမှုတွေကို ထိခိုက်စေတဲ့ ကိစ္စရပ်တွေ ဆွေးနွေးမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတွတ်စရီ မိုဟာမက် ဟာဆန် က ကြေညာချက် ထုတ်ပြန်ထားတဲ့အကြောင်း Bernama သတင်းက ဇန်နဝါရီ ၁၈ ရက်မှာ ဖော်ပြပါတယ်။

ဒီအစည်းအဝေးကို အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အကြီးတန်းအရာရှိတွေ တက်ရောက်ကြမှာဖြစ်ပြီး၊ အာဆီယံအဖွဲ့သွားနေတဲ့ လားရာနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံက အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမဲ့ အခုနှစ်မှာ ဝန်ကြီးများအဆင့် အာဆီယံညီလာခံတွေ ကျင်းပဖို့ရှိတဲ့အထဲမှာ ဒီအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ညီလာခံဟာ ပထမဆုံး ဖြစ်ပါတယ်။

အာဆီယံ အဝန်းအဝိုင်းကို မလေးရှားနိုင်ငံက ဦးဆောင်တဲ့ကာလအတွင်းမှာ အားလုံးပါဝင်မှုနဲ့ စဉ်ဆက်မပြတ် အကျိုးဖြစ်ထွန်းမှု စတဲ့ ဆောင်ပုဒ်နဲ့ အာဆီယံညီလာခံတွေ ကျင်းပမှာဖြစ်ပြီး၊ နိုင်ငံရေးနဲ့ လုံခြုံရေး၊ စီးပွားရေးနဲ့ လူမှုယဉ်ကျေးမှု စတဲ့ ကဏ္ဍသုံးခုကို ဦးစားပေးအဖြစ် ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။