နိုင်ငံတကာ မျက်နှာစာမှာ စစ်ကောင်စီကိုယ်စားလှယ် မရှိစေရဘူးလို့ ဦးကျော်မိုးထွန်းပြော
2021.09.13
နိုင်ငံတကာ မျက်နှာစာမှာ စစ်ကောင်စီအတွက် ကိုယ်စားပြုမယ့် ကိုယ်စားလှယ်မရှိစေရဘူးလို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။
ဒီတစ်ပတ်အတွင်း ကျင်းပမယ့် ကုလသမဂ္ဂ ကိုယ်စားလှယ်ခန့်အပ်ရေး ကော်မတီရဲ့ အစည်းအဝေး မတိုင်ခင် စက်တင်ဘာလ ၁၂ ရက် မနေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပတဲ့ အမျိုးသားညီညွတ် ရေး အစိုးရ NUG ကို ထောက်ခံဆန္ဒပြပွဲမှာ ဦးကျော်မိုးထွန်းက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
ကုလသမဂ္ဂ ကိုယ်စားလှယ်ခန့်အပ်ရေး ကော်မတီ အစည်းအဝေးကနေ ကုလဆိုင်ရာ မြန်မာနိုင်ငံရဲ့ ကိုယ်စား ပြု ကိုယ်စားလှယ်တစ်ဦးကို မနက်ဖြန် အင်္ဂါနေ့မှာ ရွေးချယ်ပေးရဖို့ရှိနေပါတယ်။
ဒီကိုယ်စားလှယ်နေရာအတွက် NUG က ဦးကျော်မိုးထွန်းကို တင်သွင်းထားပြီး စစ်ကောင်စီဘက်ကတော့ ဝါရှင်တန်ဒီစီ မြန်မာစစ်သံရုံးက စစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန်ကို တင်သွင်းထားပါတယ်။
"ကုလသမဂ္ဂ Credential Committee ကိုယ်စားလှယ်ခန့်အပ်မှု စိစစ်ရေးကော်မတီ စစ်ကောင်စီဘက်က ကိုယ်စားလှယ် လုံးဝလက်မခံရေးဆိုတာကို ကျနော် ကျိန်းသေပေါက် ပြောနိုင်ပါတယ်။ ပြည်သူကို ကိုယ် စားပြုတဲ့နေရာမှာ ကျနော့်ကို ဆက်ရှိနိုင်ရေး အားလုံးဝိုင်းဝန်းဆောင်ရွက်နေတဲ့အပေါ် ကျေးဇူးတင် ပါတယ်" လို့ ဦးကျော်မိုးထွန်းက RFA ကို မနေ့က ပြောခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် အားလုံးလက်တွဲပြီး စည်းစည်းလုံးလုံးနဲ့ ဆက်လက်လုပ်ဆောင် သွားကြဖို့လည်း သူက တိုက်တွန်းပါတယ်။
စစ်ကောင်စီဘက်က ကုလကိုယ်စားလှယ်အဖြစ် တင်ထားတဲ့ ဝါရှင်တန်ဒီစီ မြန်မာစစ်သံရုံးက စစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန်ကိုတော့ RFA က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
မနေ့က နယူးယောက်မြို့ ဆန္ဒပြပွဲမှာ နယူးယောက်၊ ဝါရှင်တန်၊ မေရီလန်း၊ မန်ဆာချူးဆက်၊ အင်ဒီယားနား အပါအဝင် တခြားပြည်နယ်တွေက မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေ နှစ်ထောင်နီးပါး ပူးပေါင်းပါဝင်ခဲ့ကြ ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးဖို့၊ စစ် ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူတွေနဲ့ ပူးပေါင်းခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ကုလသမဂ္ဂမှာ ဆက်လက်ခန့်အပ်ပေးဖို့နဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။