မြန်မာနိုင်ငံမှာ ရင်ကြားစေ့ရေး အမြန်ဆုံးဖြစ်ပေါ်လာဖို့ မျှော်လင့်ကြောင်း တရုတ် ထုတ်ပြန်

RFA Burmese
2023.12.07
မြန်မာနိုင်ငံမှာ ရင်ကြားစေ့ရေး အမြန်ဆုံးဖြစ်ပေါ်လာဖို့ မျှော်လင့်ကြောင်း တရုတ် ထုတ်ပြန် စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့အား ပေကျင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
Ministry of Foreign Affairs Myanmar

မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ရှေ့ဆက်ပြီး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အမြန်ဆုံး ဖြစ်ပေါ်လာဖို့ တရုတ်နိုင်ငံက မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံရာမှာ ပြောတဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မစ္စတာ ဝမ်ယိဟာ ဒီဇင်ဘာလ ၆ ရက်နေ့က စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနဲ့ ပေကျင်းမြို့မှာ တွေ့ဆုံခဲ့ရာမှာ အွန်လိုင်းကနေ ငွေလိမ်တဲ့လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံ ရဲတပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ လိုအပ်တယ်လို့ ပြောတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ မကြာခင်က တရုတ်- မြန်မာ နယ်စပ်ဒေသက ငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်ခဲ့ပြီး၊ ဒီလုပ်ငန်းတွေမှာ ချုပ်နှောင်ခိုင်းစေခံထားရသူတွေကို ကယ်တင်နိုင်ခဲ့ တာဟာ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံချိန်မှာ မစ္စတာ ဝမ်ယိက ပြောကြားခဲ့ပါတယ်။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံလုံးဟာ လုံခြုံရေး နဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ပြီး၊ ကင်ဆာရောဂါလို ပျံ့နှံ့နေတဲ့ အွန်လိုင်း လောင်းကစားရုံတွေနဲ့ ငွေလိမ်လုပ်ငန်းတွေကို အမြစ်ပြတ်ချေမှုန်းကြဖို့ သူက ပြောသွားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့လက မြန်မာ အာဏာပိုင်တွေဟာ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ သံသယ ရှိသူ ၃၁,၀၀၀ ကျော်ကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံပိုင် မီဒီယာတွေရဲ့ ဖော်ပြချက်အရ နေ့စဉ် လူတစ်သိန်းလောက် အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်နေကြပြီး အဲဒီ လုပ်ငန်းတွေထဲက အနည်းဆုံး ၁၀၀၀ လောက်ဟာ မြန်မာနိုင်ငံမှာရှိနေတယ်လို့ ရိုက်တာ သတင်းက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။