အာဂျင်တီးနားမှာ မြန်မာခေါင်းဆောင်တွေကို တရားစွဲထားတဲ့အမှု သုံးသပ်တော့မည်

ခင်ခင်အိ
2020.06.01

သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးထင်ကျော်တို့ကို ရိုဟင်ဂျာ တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့  ပြီးခဲ့တဲ့နှစ် ၂၀၁၉ နိုဝင်ဘာလက အာဂျင်တီးနားမှာ တရားစွဲထားတဲ့ အမှုကို တရားရုံးက ပြန်လည်သုံးသပ်တော့မှာဖြစ်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်ခဲ့မှုနဲ့  မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တွေကို  နိုင်ငံတကာရာဇဝတ်ခုံရုံး ICC နဲ့ အာဂျင်တီးနား တရားရုံးတွေမှာ နိုင်ငံတကာက ရိုဟင်ဂျာအရေးလှုပ်ရှားတဲ့အဖွဲ့တွေနဲ့  လက်တင်အမေရိကလူ့အခွင့်ရေးအဖွဲ့တွေက တရားစွဲခဲ့တာပါ။

အဲဒီအချိန်က ICC တင်ထားတဲ့အမှုနဲ့ တူနိုင်တဲ့အတွက် အာဂျင်တီးနားတရားရုံးက အမှုကို ဆိုင်းငံ့ထားခဲ့ရာကနေ လူ့အခွင့်အရေးအဖွဲ့တွေက ထပ်ပြီးတင်ပြတဲ့အတွက် ပြန်သုံးသပ်ဖို့ စီစဉ်တာလို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ဥက္ကဌ ဦးထွန်းခင်က ပြောပါတယ်။

ဒီအမှုအတွက် ရိုဟင်ဂျာတွေဘက်က လိုက်ပါဆောင်ရွက်ပေးမဲ့ ရှေ့နေကတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း Tomas Ojea Quintana ပါ။ သူက တရားရုံးကသုံးသပ်မှာကို ကြိုဆိုလိုက်ပါတယ်။

ကုလသမဂ္ဂကလဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူဖို့ပြောဆိုထားပြီးဖြစ်တဲ့အတွက် အာဂျင်တီးနားတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံ ကြိုဆိုတယ်လို့ မစ္စတာ ကင်တားနား ပြောသွားတာပါ။ သူ့အနေနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရှေ့နေတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး လိုအပ်တဲ့ သက်သေအထောက်အထားတွေ စုဆောင်းကာ အာဂျင်တီးနားတရားရုံးမှာ ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းပြောပါတယ်။

မြန်မာထိပ်တန်းခေါင်းဆောင်တွေကို အခုလို အာဂျင်တီးနားတရားရုံးမှာအရေးယူနိုင်ရေး ကြိုးပမ်းမှု တွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံ နယူးရောက်မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးဟောက်ဒိုစွမ်း ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ နိုင်ငံတကာတရားစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနားနိုင်ငံ (international jurisdiction) သုံးခုနဲ့ တရားစွဲဆိုထားပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရက ICJ တစ်ခု တည်းကိုပဲ နိုင်ငံတကာဥပဒေလမ်းကြောင်းအရ ဖြေရှင်းဖို့ စီစဉ်နေကြောင်း နဲ့  အာဂျင်တီးနားကိစ္စကို အထူးတလည် ဖြေရှင်းဖို့မရှိပါကြောင်း၊ ဒါက အချုပ်အခြာကို ထိပါးတဲ့ ကိစ္စဖြစ်တဲ့အတွက် (ကိုယ်စားလှယ်လွှတ်) ရင်ဆိုင်ဖို့လည်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက နိုဝင်ဘာ ၁၉ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။