မြန်မာ့အရေး နိုင်ငံတကာရာဇဝတ်ခုံရုံး တင်ဖို့ AI တိုက်တွန်း


2019.05.29
ai-statement-622.jpg အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကြေညာချက်ရဲ့ ပထမဆုံးစာမျက်နှာ
www.amnestyusa.org

ရခိုင်ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ခဲ့တဲ့ စစ်ဆင်ရေးကာလတွေမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA နှစ်ဖွဲ့စလံ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြောင်းနဲ့၊ မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC  တင်ဖို့ အရေးတကြီး လိုအပ်နေကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

AI အဖွဲ့ဟာ “ဘယ်သူမှကျနော်တို့ကို မကာကွယ်ပေးနိုင်ဘူး”လို့ တိုက်ရိုက်အဓိပ္ပာယ်ရတဲ့ နာမည်နဲ့ ရခိုင်ပြည်နယ်က စစ်ရာဇဝတ်မှု လူ့အခွင့်အရေးချိုးဖောက်မှုများဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်လိုက်တာပါ။

ဒီအစီရင်ခံစာမှာ ဒီနှစ် ဇန်နဝါရီလကစလို့ မြန်မာ့တပ်မတော်ဘက်က အရပ်သားတွေအပေါ် ပြစ်မှုကျူးလွန်ခဲ့တာတွေကို အသေးစိတ်ဖော်ပြထားပါတယ်။

အစိုးရတပ်မတော်သားတွေဟာ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး အရပ်သားတွေကို သတ်တာတွေ၊ ဥပဒေမဲ့ဖမ်းဆီးတာတွေနဲ့ အတင်းအကြပ်ဖမ်းဆီးပြီး လက်စဖျောက်တာတွေရှိခဲ့တယ်လို့ ပြောထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုကျူးလွန်တာတွေဟာ AA ကို အမြစ်ပြတ်ချေမှုန်းဖို့ အမိန့်ပေးပြီးနောက် ပိုဆိုးလာခဲ့ပြီး တပ်သားသစ်တွေ ထပ်ပို့တဲ့အခြေအနေတွေအရ တပ်မတော်ထိပ်တန်းအရာရှိတွေလည်း ဒီကိစ္စတွေမှာ ပါဝင်တယ်လို့ ပြောရမှာဖြစ်ကြောင်း အစီရင်ခံစာက ဆိုပါတယ်။

ဒီလိုအခြေအနေတွေအရ မြန်မာ့တပ်မတော်ဟာ နောင်တမရ၊ ပြောင်းလဲခြင်းမရှိ၊ တာဝန်ယူမှုမရှိဘဲ အရပ်သားတွေကို ခြောက်လန့်ပြီး ထိတ်လန့်အောင်လုပ်နေဆဲ ဖြစ်တယ်လို့ AI အဖွဲ့ရဲ့ အရှေ့နဲ့ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ Nicholas Bequelin က ပြောပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာ့တပ်မတော်က အများစုကျူးလွန်နေချိန်မှာ ရခိုင့်တပ်မတော် AA ကလည်း အရပ်သားတွေကို ပြန်ပေးဆွဲတာတွေ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

AA တပ်သားတွေဟာ ကျေးရွာတွေ၊ မြို့ပြတွေအနီးမှာ စစ်ဆင်ရေးတွေလုပ်ပြီး ဒေသခံအရပ်သားတွေကို အန္တရာယ်ထဲကျအောင်လုပ်တာတွေရှိသလို ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ဒေသခံစီးပွားရေးသမားတွေကို သူတို့ရဲ့ စစ်ဆင်ရေးမှာ ဝင်ရောက်နှောင့်ယှက်ရင် အသက်အန္တရာယ်ပေးမယ်ဆိုတဲ့ ကျည်တစ်တောင့်စီပါတဲ့ ခြိမ်းခြောက်စာတွေပေးပို့တာတွေလည်း ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့တပ်မတော်ဘက်က ဆောင်ရွက်ချက်တွေထဲမှာဆိုရင် ပြည်တွင်းသတင်းဌာန ၃ ခုက အယ်ဒီတာတွေကို အမှုဖွင့်တိုင်ကြားတာတွေရှိခဲ့ပြီး ဒါတွေဟာ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေနဲ့ ပတ်သက်ပြီး သတင်းမရေးသားရဲဘဲ လွတ်လပ်စွာရေးသားဖော်ပြခွင့်ကို ချိုးဖောက်ရာ ရောက်နေတယ်လို့လည်း ဆိုပါတယ်။

ဒီလုပ်ရပ်တွေအပေါ်မှာ အစိုးရအနေနဲ့ တားမြစ်နိုင်တဲ့ အခွင့်အာဏာရှိပြီး သတင်းထောက်တွေကို ခြိမ်းခြောက်နေတဲ့ ဥပဒေတွေကို ပြုပြင်ဖို့လိုတယ်လို့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေကို ရခိုင်ပြည်နယ်ကနေ မောင်းထုတ်ပြီး ၁ နှစ်ခွဲအကြာမှာ ဒီလိုဖြစ်ရပ်တွေဖြစ်လာတာ ဖြစ်ပြီး ကုလသမဂ္ဂအနေနဲ့ အရေးယူဆောင်ရွက်ဖို့ သင့်တယ်လို့ ပြောပါတယ်။

တပ်မတော်သားတွေဟာ ရာဇဝတ်မှုတွေကို ရဲရဲဝံ့ဝံ့ ကျူးလွန်လာတဲ့အပေါ် နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ အချိန်ကျနေပြီလို့လည်း တိုက်တွန်းထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာတပ်မတော်ရဲ့ ရာဇဝတ်မှှုကျူးလွန်တာတွေကို ရပ်တန့်အောင်လုပ်ဖို့ ပျက်ကွက်နေပြီး လုံခြုံရေးကောင်စီအနေနဲ့လည်း ဒီအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဖွဲ့စည်း ထားတဲ့ အဖွဲ့ဖြစ်တာကြောင့် သူတို့ရဲ့ တာဝန်တွေကို ဆောင်ရွက်ဖို့သင့်ပြီလို့ AI အဖွဲ့ရဲ့ အရှေ့နဲ့ အရှေ့တောင် အာရှဆိုင်ရာ ဒါရိုက်တာ Nicholas Bequelin က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။