မြန်မာတပ်အကြီးအကဲတွေကို ဥရောပသမဂ္ဂ အဆက်အဆံ ရပ်ဆိုင်းမည်


2017.10.11
minaunghlaing-army-parade-622.jpg ၇၂ ကြိမ်မြောက် တပ်မတော်နေ့မှာ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်က မွတ်စလင်တွေအပေါ် စစ်တပ်က အင်အားအလွန်အကျွံသုံး ဖိနှိပ်ခဲ့တာတွေကို ဆန့်ကျင်တဲ့ အနေနဲ့ မြန်မာ့တပ်မတော် အကြီးအကဲတွေကို အီးယူ ဥရောပသမဂ္ဂက အဆက်အဆံ ရပ်ဆိုင်းတော့မယ်လို့ သိရကြောင်း AFP သတင်းကဖေါ်ပြပါတယ်။

ဒါ့ပြင် ပဋိပက္ခအခြေအနေတွေ အကောင်းဘက်ကို တိုးတက်မလာဘူးဆိုရင် စီးပွားရေးပိတ်ဆို့အရေးယူဖို့လည်း ဆုံးဖြတ်ဖွယ်ရှိတယ်လို့ အီးယူက သတိပေးလိုက်ပါတယ်။ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အင်အားအလွန်အကျွံ သုံးစွဲတာတွေကြောင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အကြီးတန်းစစ်တပ် အရာရှိတွေကို ဆက်ဆံ ဖိတ်ကြားတာတွေ ရပ်ဆိုင်းထားမှာဖြစ်ပြီး၊ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ဆိုင်းငံ့ထားမယ်လို့ အီးယူသံတမန်များ သဘောတူညီချက်မှာ ဖေါ်ပြထားတယ်လို့ဆိုပါတယ်။

အခုလက်ရှိမှာ အီးယူက မြန်မာစစ်တပ်ကို ပြည်တွင်းမှာ ဖိနှိပ်တာတွေလုပ်နိုင်တဲ့ လက်နက်ပစ္စည်းတွေ အရောင်းပိတ်ထားပြီး၊ အခြေအနေတွေ တိုးတက်မလာဘူးဆိုရင် နောက်ထပ် ပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်မယ်လို့လည်းပြောပါတယ်။

ဒုက္ခသည်ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကလည်း အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ရာမှာ ရခိုင်ပြည်နယ်က မွတ်စလင်တွေ မူလနေရပ် ပြန်ဝင်မလာနိုင်ရေး ရည်ရွယ်ချက်နဲ့ အရေအတွက် ငါးသိန်းလောက် ရှိတဲ့ မွတ်စလင်တွေကို လုံခြုံရေးတပ်ဖွဲ့တွေက ဘင်္ဂလာဒေ့ရှ်ဘက် စနစ်တကျ မောင်းထုတ်ခဲ့ပြီး၊ ပြန်ဝင်မ လာနိုင်အောင် ရွာတွေ၊ အိမ်တွေ၊ သီးနှံတွေကို မီးရှို့ဖျက်ဆီး၊ လူတွေကို ညှဉ်းဆဲသတ်ဖြတ်၊ အဓမ္မကျင့်တာတွေ ကျူးလွန်ခဲ့ကြတယ်လို့ ဒုက္ခသည် ၆၅ ယောက်ကို တွေ့ဆုံမေးမြန်းခဲ့ပြီး အစီရင်ခံစာထုတ်ပြန်ခဲ့ကြောင်းလည်း သတင်းမှာဖေါ်ပြပါတယ်။

ဒီအတွင်း တရုတ်အစိုးရကတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းထား ဖို့ မြန်မာရဲ့ အားထုတ်မှုကို ထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုပြီး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေအပေါ် နိုင်ငံတကာက သတိထားချဉ်းကပ်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်ပြဿနာမှာ သမိုင်းကြောင်း၊ လူမျိုး ဘာသာကိစ္စတွေပါဝင်ပြီး၊ ရှုပ်ထွေးလှတာကြောင့် နိုင်ငံတကာအနေ နဲ့ လက်တွေ့ကျကျ ရှုမြင်သုံးသပ်ကြဖို့ တိုက်တွန်းလိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။