နယ်နိမိတ် လုံခြုံရေး အစွမ်းကုန် ကာကွယ်မည်


2014.06.03
bangladesh-myanmar-crisis-305.jpg မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မေလ ၂၈ ရက်နေ့က ဖြစ် ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း သေဆုံးသွားသူတစ်ဦးရဲ့ ရုပ်အလောင်းကို ဘင်္ဂလားဒေ့ရှ်အရာရှိတွေဆီ မေလ ၃၁ ရက်နေ့က လွှဲပြောင်းပေးခဲ့ပါတယ်။
Photo: Saw Myint Than

မြန်မာနိုင်ငံတွင်းကို လက်နက်ကိုင် ကျူးကျော်ဝင်ရောက် မှုတွေအတွက် မြန်မာအစိုးရအနေနဲ့ နိုင်ငံရဲ့ နယ်နိမိတ် နဲ့ အချုပ်အခြာအာဏာကို အစွမ်းကုန် ကာကွယ်ဖို့ အတွက် လုံလောက်တဲ့ တားဆီးဟန့်တားမှုတွေ ကို  ဆောင်ရွက် သွားမှာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ၊ ဒုတိယ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောကြား လိုက်ပါတယ်။

ပြီးခဲ့တဲ့မေလ ၂၈ ရက်နေ့က ရခိုင်ပြည် နယ် မောင်တော နယ်စပ်မှာ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသ နယ်ခြားစောင့်တပ် အကြီးအကဲက နောက်ထပ် မြန်မာတပ်တွေက တိုက် ခိုက်လာခဲ့ရင် ချက်ချင်းလက်တုံ့ပြန်သွား မှာဖြစ်ကြောင်း ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းစဉ်မှာ ဦးရဲထွဋ်က ပြောကြား ခဲ့တာပါ။

"ဘယ်နိုင်ငံမဆို အကြမ်းဖက် သောင်းကျန်းသူရှိတဲ့ နယ်မြေထဲမှာ မိမိရဲ့နိုင်ငံဘက်အခြမ်းမှာ တခြားနိုင်ငံက လက်နက်ကိုင်တစ်ယောက်ကို တွေ့လို့ရှိရင် လိုအပ်တဲ့ တားဆီးဟန့်တားမှု လုပ်ရမှာပဲလေ၊ ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့ကို တောင်းပန်စရာမရှိဘူး၊ သူတို့က အဲလိုပြောသလို၊ ကျနော်တို့နိုင်ငံအနေနဲ့လည်း နယ်နိမိတ်နဲ့ အချုပ်အခြာအာဏာကို ကာကွယ်နိုင်တဲ့ စွမ်းရည်ရှိသလို လုံလောက်တဲ့ လုပ်ဆောင်မှုတွေလုပ်ဖို့လည်း ကျနော်တို့ဆီမှာရှိပါတယ်၊ သို့သော်ဘာပဲဖြစ်ဖြစ် နယ်နိမိတ်ကိစ္စဆိုတာကတော့ ကျနော်တို့ ညှိနှိုင်းဆွေးနွေး ဖြေရှင်းရမှာပါ"

မေလ ၂၈ ရက်နေ့က မောင်တောနယ်စပ် မိုင်တိုင်အမှတ် ၅၂ အနီးမှာ အမည်မသိ လက်နက်ကိုင်တချို့  ဝင်ရောက်လာတဲ့အတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်တစ်ဦး ကျဆုံးပြီး လက်နက်တစ်လက် သိမ်းဆည်းရခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ဘင်္ဂလားဒေ့ရှ်နယ်မြေတွင်းက တပ်ဖွဲ့ဝင်တွေကို စတင်ပစ်ခတ်ရာက နယ်ခြားစောင့်တပ်ဖွဲ့ဝင် သေဆုံးခဲ့ကြောင်း ပြောဆိုခဲ့ပေမဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပယ်ချလိုက်ပြီး အဝါရောင်ပြောက်ကျားယူနီဖောင်း ဝတ်ဆင်ထားတဲ့ မွတ်စလင် ၂ ဦး  မြန်မာပိုင်နက်ထဲဝင်လာတဲ့အတွက် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးလဲ  မကြာခင်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကော်မတီ အစည်းအဝေးပြုလုပ် ဆွေးနွေးဖို့ရှိကြောင်းလည်း  ဦးရဲထွဋ်က ပြော ပါတယ်။

ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို RFA မှ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။