မြန်မာ-ဘင်္ဂလားဒေ့ရှ် MOU လက်မှတ်ရေးထိုးဖို့ နီးကပ်နေပြီလို့ ဝန်ကြီးပြော


2017.11.22
dr-winmyataye-622.jpg လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အတွက် နှစ်နိုင်ငံ သဘောတူညီချက်လက်မှတ်ရေးထိုးဖို့ နီးကပ်နေပြီဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီနေ့ ပြောကြားခဲ့ပါတယ်။

နေပြည်တော် မင်္ဂလာသီရိဟိုတယ်မှာ ဒီနေ့ ကျင်းပတဲ့ "Diversity Management in the Age of Globalization Symposium" အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

"လက်မှတ်ထိုးဖို့က အရမ်းအရေးကြီးတဲ့ကိစ္စဖြစ်တယ်၊ ဒါနဲ့ပတ်သက်ပြီးတော့လည်း အလွန်နီးစပ်နေပြီ မကြာခင် မှာပဲ သဘောတူညီချက်ထွက်ပေါ်လာမယ်၊ ထွက်ပေါ်လာပြီးရင် စတင်ဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်၊ အပြီး ထွက်လာပြီးမှ ရှင်းရှင်းလင်းလင်းအားလုံးကို ချပြမှာဖြစ်တဲ့အတွက်ကြောင့် အဲကျမှပြောရင် ပြည့်ပြည့်စုံစုံဖြစ်ပါ လိမ့်မယ်၊ ညှိနှိုင်းတယ်ဆိုတာက အပေးအယူနဲ့ ညှိနှိုင်းရတာရှိမယ်၊ အားလုံးကရာနှုန်းပြည့် မဖြစ်နိုင်ဘူးပေါ့၊ ရာနှုန်းမပြည့်သော်လည်း တကယ်ပြည်သူအကျိုးရှိမယ်၊ မြန်မြန်လေးအကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ် ဆိုလို့ရှိရင် အားလုံးက တိုက်တွန်းကြတာတွေလည်းရှိတယ်၊ ကျနော်တို့က တကယ်ဆောင်ရွက်ချင်တာတွေလည်း ရှိတယ်"

ရခိုင်ပြည်နယ်ကနေ ထွက်သွားသူတွေကို ပြန်လည်လက်ခံရေးကိစ္စဟာ အစိုးရက မလွဲမသွေလုပ်ဆောင်ရမယ့် တာဝန်ရှိတယ်လို့ ပြောခဲ့ပါတယ်။

ပြန်လည်လက်ခံရေးမူဝါဒတွေဟာလည်း ၁၉၉၃ ခုနှစ် သဘောတူညီချက်တွေအပေါ်မှာ အခြေခံမှာဖြစ်ကြောင်း လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံနိုင်ရေးအတွက် နှစ်နိုင်ငံ သဘောတူညီမှုတွေ အမြန်ဆုံးရမယ်လို့ မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က မနေ့က ပြောကြားခဲ့ပါတယ်။

ဒီနေ့မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။