နှစ်နိုင်ငံ ဆက်ဆံရေးသစ်စတင်ဖို့ ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း
2015.04.12

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမို တိုးတက်ကောင်းမွန်လာရေးအတွက် အခင်းအကျင်း သစ်တွေစတင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ကမ်းလှမ်း လိုက်ပါတယ်။
မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်အတွက် အာဆီယံနိုင် ငံတွေနဲ့ ဆက်စပ်ဖို့အဓိကကျတဲ့ ပေါင်းကူးနေရာမှာ ရှိနေပေမဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ထိတွေ့မှု အနည်း ဆုံးဖြစ်နေကြောင်း၊ ဒါပေမဲ့ နှစ်နိုင်ငံရဲ့လတ်တလော နဲ့ ရှေ့အနာဂတ် ထိတွေ့ဆက်ဆံမှုတွေဟာ အရှိန်အဟုန်မြင့်မားလာလိမ့်မယ်လို့ ယုံကြည်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီက ဒါကာမြို့မှာကျင်းပတဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ သုံးနိုင်ငံဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အနေနဲ့ အသင့်ချုပ်ပြီး အဝတ်အထည် ၊ ဆေးဝါး၊ သားရေထည်ပစ္စည်း၊ ဘိလပ်မြေ၊ ဂုန်လျှော်၊ စိုက်ပျိုးရေးပစ္စည်းတွေကို မြန်မာနိုင်ငံဘက် တင် ပို့နိုင်ကြောင်း၊ အလားတူ မြန်မာနိုင်ငံဘက်က စိုက်ပျိုးရေးထွက်ကုန်တွေနဲ့ သဘာဝသယံဇာတတွေကိုလည်း ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နိုင်ကြောင်း၊ အခု အခါ မြန်မာနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖွင့်ပေးနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အနေနဲ့ကလည်း သင့်တော်တဲ့ ကဏ္ဍမှာ လာရောက်မြှုပ်နှံလိုကြောင်း၊ စွမ်းအင်ကဏ္ဍမှာလည်း အကျိုးတူပူးပေါင်းဆောင်ရွက်လိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖေဝါရီလက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ စွမ်းအင်အကြံပေးအဖွဲ့ဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။
အဲ့ဒီ သုံးနိုင်ငံဆွေးနွေးပွဲမှာ မြန်မာအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တမ္ပဒီပအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ဇော်ဝင်းက ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေရဲ့ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်ပြီး မြန်မာ့ လူ့ဘောင်မှာ နှစ်ပိုင်းကွဲနေရာမှာ တချို့က အလယ်အလတ်အမြင်ရှိပြီး၊ တချို့ကတော့ ပြင်းထန်တဲ့ သဘောထား ရှိကြတယ်လို့ ပြောဆိုကြောင်း bdnews24 ဘင်္ဂလားဒေ့ရှ် သတင်းဌာနက ဖေါ်ပြပါတယ်။