မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အရပ်သားနှစ်ဦး သတ်ဖြတ်ခံရ
2024.05.10
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ် သုံးမိုင် နယ်ခြားစောင့်ရဲစစ်ဆေးရေးဂိတ်ဟောင်းအနီးမှာ မေလ ၉ ရက် မနေ့က အရပ်သားနှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီဒေသခံနှစ်ဦးကတော့ လေးမိုင်ကျေးရွာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ - ၂) အနီးမှာရှိတဲ့ ရွာသာယာ ကျေးရွာက အသက် (၃၀) အရွယ် မောင်ဆိုး ဆိုသူနဲ့ ခရေမြိုင်ကျေးရွာက အသက် (၅၀) ဝန်းကျင်အရွယ် ဦးသံလုံး ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ မနေ့ မနက် ၁၁ နာရီခန့်မှာ ရွာသာယာကျေးရွာကနေ သုံးမိုင်ကျေးရွာဘက်ကို ဆိုင်ကယ်တစ်စီးနဲ့ အတူသွားရာကနေ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး သတ်ဖြတ်ခံရတာလို့ မျက်မြင်သက်သေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့နှစ်ယောက်အတူတူ ဆိုင်ကယ်နဲ့ သုံးမိုင်ရွာကိုသွားတယ်တဲ့ ကိစ္စရှိလို့။ လမ်းမှာ စစ်ကြောင်းနဲ့တွေ့လို့ သူတို့ကို အေအေ ဆိုပြီးဖမ်းတယ်။ ဖမ်းပြီးတော့ ရိုက်နှက်တယ်။ ငါတို့ပေးဆပ်တာ တော်တော်များနေပြီ မင်းတို့ အေအေ ဆီမှာဆိုပြီးတော့ တအားရိုက်နှက်တာ လည်ပင်းတွေမှာ သွေးတွေအများကြီး သေနတ်ဒင်နဲ့ ထောင်းတာ”
သူတို့နှစ်ဦး ဖမ်းဆီးရိုက်နှက်ခံနေရချိန် နောက်ထပ်ဒေသခံတစ်ဦးဖြစ်သူ သုံးဘီးအငှားယာဥ်မောင်းသမားတစ်ဦးလည်း ထပ်မံဖမ်းဆီးခံခဲ့ရပြီး သူကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ သူ့ရဲ့ ပြောပြချက်အရ သတ်ဖြတ်ခံရသူနှစ်ဦးရဲ့ အခြေအနေကို သိခဲ့ရတာလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ထပ် အသေးစိတ်သိနိုင်ဖို့ အဓိက မျက်မြင်သက်သေဖြစ်တဲ့ သုံးဘီးအငှားယာဉ်မောင်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
အသတ်ခံရသူတွေရဲ့ ရုပ်အလောင်းကတော့ လက်ရှိအချိန်အထိ သုံးမိုင် စစ်ဆေးဂိတ်ဟောင်းအနီး ကားလမ်းမဘေးမှာ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။