မြန်မာ့ ငှက်သိုက်လုပ်ငန်း ကြီးထွားလာနေ


2017.06.06
bird-nest-620.jpg ဇီဝဇိုးငှက်အသိုက်ကို တွေ့ရစဉ်
Photo: RFA

တနင်္သာရီတိုင်း မြိတ်၊ ကော့သောင်း၊ ဘုတ်ပြင်းမြို့တွေမှာ ငှက်သိုက်လုပ်ငန်း ကြီးထွားလာနေပါတယ်။

အထူးသဖြင့် မြန်မာ့ငှက်သိုက်ကို တရုတ်ပြည်က အဓိက ဝယ်ယူနေရာမှာ၊ အခုအခါ ငှက်သိုက် တပိဿာကို အမေရိကန်ဒေါ်လာ နှစ်ထောင်ဝန်းကျင် အထိ ဈေးပေါက်နေပါတယ်။

သိပ္ပံနည်းကျ အထောက်အထားအတိအကျ မရှိသေးပေမဲ့၊ တရုတ်ပြည်မှာ ငှက်သိုက်ကို အမျိုးသားများအတွက် သက်ရှည်အားတိုးဆေး၊ အမျိုးသမီးများအတွက် အသားအရည်စိုပြေလှပ နုပျိုစေပြီး၊ ကိုယ်ဝန်ဆောင်တွေ အတွက်လည်း ဆေးဘက်ဝင်တယ်လို့ ယုံကြည်ကြပြီး စားသောက်ဆိုင်တွေမှာ ဈေးကြီးပေးပြီး သုံးဆောင်ကြလေ့ ရှိပါတယ်။

ငှက်သိုက်ဟာ ပင်လယ်ပျော် ဇီဝဇိုးငှက်တွေ ကျွန်းတွေပေါ်က မြင့်မားတဲ့ ကျောက်နံရံတွေမှာ သူတို့ရဲ့ အန်ဖတ်နဲ့ ဆောက်လုပ်တဲ့ အသိုက်ဖြစ်ပါတယ်။ အဲဒိ အသိုက်တွေကို ငှက်သိုက်မုဆိုးတွေက သက်စွန့်ဆံဖျား တက်ရောက်ခွာယူခဲ့ကြရတာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကစပြီး မြိတ်မြို့နယ်မှာ ဇီဝဇိုးငှက်တွေ အသိုက်လုပ်ဖို့ အိမ်တွေကို လူတွေက ဖန်တီးပေးလာကြရာမှာ အိမ်တလုံးမှာ ဇီဝဇိုးငှက်တွေအများအပြား ဝင်ရောက်ပြီး အသိုက်လုပ် လာနေကြတဲ့အတွက် ငှက်သိုက်မွေးမြူရေးလုပ်ငန်းဟာ တနင်္သာရီတိုင်းမှာ ကြီးထွားလာနေပါတယ်။ အခုအခါ ငှက်တွေအသိုက်ဖွဲ့ဖို့ အိမ်ပေါင်း ၁၃၀ ကျော် အထိရှိလာနေပြီလို့ သိရပါတယ်။

အရင်က ငှက်သိုက်ကို တရုတ်ပြည်က လူချမ်းသာတွေသာ သုံးဆောင်နိုင်ပေမဲ့၊ ဒီနေ့မှာတော့ လူလတ်တန်းစားတွေပါ သုံးစွဲလာနိုင်ကြတာကြောင့် အရှေ့တောင်အာရှ က ငှက်သိုက်လုပ်ငန်းဟာ ဒေါ်လာ ၅ ဘီလျံ တန်ဖိုးရှိတဲ့လုပ်ငန်း ဖြစ်လာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။