အိန္ဒိယနဲ့ မြန်မာ ကားလမ်းတွေ ဖေါက်လုပ်ရေး လုပ်ငန်းစတင်
2014.10.09

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင် ငံတွေကြား ဆက်သွယ်ရေးလမ်းမတွေ ဖေါက်လုပ်ရေး စီမံကိန်းကို မနေ့က စတင်လိုက်ပါတယ်။
ကမ္ဘာ့ဘဏ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀၇ သန်း ကုန်ကျမယ့် အဲဒီစီမံကိန်းကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် က ဖွင့်လှစ်ပေးခဲ့တာပါ။ ဖေါက်လုပ်မယ့်လမ်းတွေ ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းတွေနဲ့ ဆက်သွယ်မှုပိုပြီး တိုးတက်ကောင်း မွန်စေရေးအတွက် ဖြစ်ပါတယ်။
ပထမဆုံးဖေါက်လုပ်မယ့် လမ်းတွေကတစ်ခုက ချန်ဖိုင် ကနေ မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း ဇောက်ကသာ ကို ဆက်သွယ်မယ့်လမ်းဖြစ်ပါတယ်။
ဒါ့ပြင် အိုက်ဇောမြို့အနီး Lengpui လေဆိပ်ကနေ ဖေါက်လုပ်မယ့်လမ်းဟာ မီဇိုရမ်ပြည်နယ်အတွင်း လက်ရှိ ဖေါက် လုပ်နေတဲ့ လမ်းတစ်လမ်းနဲ့ ပေါင်းဆုံမှာဖြစ်ပြီး၊ အဲဒီကမှ မြန်မာနိုင်ငံ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းနဲ့ ချိတ်ဆက်မယ်လို့ သိရပါတယ်။
ကုလားတန် ဘက်စုံစီမံကိန်းဟာ စစ်တွေဆိပ်ကမ်းနဲ့ မီဇိုရမ်ပြည်နယ်ကို ရေလမ်း၊ ကုန်းလမ်းတွေနဲ့ ဆက်သွယ် မှာဖြစ်ပြီး၊ ကိုးလ်ကတ္တားမြို့အထိ သွားရောက်နိုင်မှာဖြစ်ပါတယ်။