မြန်မာကို ကမ္ဘောဒီးယားကူညီမည်
2019.05.01

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ကမ္ဘောဒီးယားနိုင်ငံက အမေရိကန်ဒေါ်လာကိုးသောင်း အကူအညီ ပေးမယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂ဝ၁၉- ၂ဝ၂ဝ ပညာသင်နှစ်အတွက် မြန်မာကျောင်းသူကျောင်းသား ၁ဝ ယောက်ကို ပညာသင်ဆု ချီးမြှင့်မယ်လို့လည်း ဝန်ကြီးချုပ်ဟွန်ဆန်က ပြောလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ တွေ့ဆုံပွဲမှာ ပြောလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးချုပ်ဟွန်ဆန်တို့ဟာ ဖနွမ်းပင်မြို့တော်က ငြိမ်းချမ်းရေးနန်းတော်မှာ အင်္ဂါနေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ဘာသာရေးနဲ့ ပညာရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ လက်ထောက်တစ်ဦးက ပြောပါတယ်။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကတော့ အားနည်းနေပါသေးတယ်လို့လည်း ဆိုပါတယ်။
ခရီးသွားလုပ်ငန်းမှာ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသား နှစ်သောင်းနှစ်ထောင်ကျော် ကမ္ဘောဒီးယားကို သွားရောက်လည်ပတ်ခဲ့ကြပြီး၊ နှစ်စဉ် မြန်မာခရီးသည် ၁၈ ရာနှုန်း တိုးတက်နေတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘောဒီးယား လွှတ်တော်အကြီးအကဲတွေ၊ ကမ္ဘောဒီးယားဘုရင်နဲ့ မယ်တော်တို့ကို တွေ့ဆုံခဲ့တဲ့အပြင်၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ အန်ကောဝပ် ဘုရားကျောင်းနယ်မြေကိုလည်း သွားရောက်ခဲ့ပါတယ်။