မြန်မာကလေးတိုင်း မွေးစာရင်း ရှိရေး ကုလကူညီမည်
2014.08.03

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်နဲ့ ဥရောပသမဂ္ဂ အီးယူ တို့ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံမှာ ကလေးအားလုံး မွေးစာရင်းရှိရေး စတင်ဆောင်ရွက်တော့မယ်လို့ သိရပါတယ်။
ဦးစွာပထမ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ် က မြို့နယ်ပေါင်း ၄၄ ခု မှာ ရှေ့ပြေး အစီအစဉ်အဖြစ် စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
လက်ရှိအနေနဲ့ မြန်မာနိုင်ငံမှာ မွေးစာရင်းရှိသူ အသက် ငါးနှစ်အောက် ကလေးပေါင်း ၇၂.၄ ရာခိုင်နှုန်း ရှိပြီး၊ ကလေး ၁.၆ သန်းကျော်မှာ မွေးစာရင်း မရှိကြဘူးလို့ သိရပါတယ်။
မွေးစာရင်းမရှိတဲ့ ကလေးတွေဟာ နောင်မှာ လူကုန်ကူးခံရတဲ့အန္တရာယ်၊ လိင်လုပ်ငန်းမှာ အသုံးချခံရတဲ့ အန္တရာယ်တွေ ကြီးမားတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
အခု ရှေ့ပြေးအစီအစဉ် ပြီးဆုံးရင် ကလေးပေါင်း လေးသိန်းလောက် မွေးစာရင်း ရရှိသွားမှာဖြစ်ပါတယ်။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်နဲ့ မြန်မာအစိုးရတို့ဟာ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလက ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ယူနီဆက်အနေနဲ့ အခုလောလောဆယ် မြန်မာနိုင်ငံမှာ ကလေးသေဆုံးနှုန်းလျော့ကျရေး၊ ကောင်းမွန်တဲ့ ပညာရေးရရှိရေး၊ အကြမ်းဖက်ခံရမှု၊ အမြတ်ထုတ်ခံရမှုတွေက အကာအကွယ်ရရေးတွေကို ဦးတည်ဆောင်ရွက်နေကြောင်း သိရပါတယ်။