တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ပြဿနာ ဖြေရှင်းပေးဖို့ အစိုးရကိုတောင်းဆို
2019.10.18

မြန်မာ- တရုတ်နယ်စပ် ရွှေလီချိုင့်ဝှမ်းတလျှောက်က မြန်မာပိုင်နက်နယ်မြေထဲကို တရုတ်နိုင်ငံက ကျူးကျော် ဝင်ရောက်ပြီး မြေသားမြောင်းတူတာတွေ မကြာခဏ ဆောင်ရွက်နေတာကြောင့် ပြည်ထောင်စု အစိုးရအနေနဲ့ လာရောက်ဖြေရှင်းပေးဖို့ နမ့်ခမ်းမြို့နယ်အခြေစိုက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာအနီးမှာရှိတဲ့ နှစ်နိုင်ငံနယ်နိမိတ် မိုင်တိုင်ကိုကျော်ပြီး မြန်မာနိုင်ငံထဲကို ကျူးကျော်ဝင်ရောက်ပြီး တရုတ်နိုင်ငံသားတွေက မြေသားမြောင်းတူးတာတွေ လုပ်ခဲ့တာကြောင့် နမ့်ခမ်းမြို့ အခြေစိုက် အဖွဲ့အစည်း ငါးခုက မနေ့က နေ့စွဲနဲ့ အစိုးရကို ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။
တရုတ်နိုင်ငံသား အရပ်ဝတ်နဲ့ လူ လေးဦးဟာ မြန်မာနိုင်ငံ နယ်နိမိတ်ထဲကို ပေ ၆၀ လောက် ကျော်လွန်ဝင်ရောက်ပြီး မြေတူးစက်နဲ့ မြောင်းတူးခဲ့တာကို နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက တရုတ်နိုင်ငံ၊ ရွှေလီပြည်ပရေးရာဌာနမှူးထံကို ကန့်ကွက်စာပေးပို့ခဲ့တာကြောင့် မြေတူးဖော်တဲ့ လုပ်ငန်းတွေ ရပ်ဆိုင်သွားခဲ့တယ်လို့ သိရပါတယ်။
နမ့်ခမ်းမြို့ အခြေစိုက် အဖွဲ့အစည်းတွေက တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံထဲကို ကျော်လွန်ဝင်ရောက်ပြီး ရေမြောင်းတူးတာတွေ ဖြစ်နေတာတွေကို ကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။
နမ့်ခမ်းမြို့ အခြေစိုက် မြို့နယ် မြို့မိမြိ့ဖအဖွဲ့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မြို့နယ်တောင်သူ လယ်သမားများအသင်း၊ လူမှုညီညွတ်ရေးအသင်း၊ ရှေးဟောင်းအမွေအနှစ်နဲ့ သမိုင်းဝင်နေရာများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်းတွေက နှစ်နိုင်ငံ နယ်နိမိတ် ပြဿနာကို အစိုးရအနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့ အစိုးရကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ အမှတ် (၂) ရပ်ကွက်က နှစ်နိုင်ငံနယ်နိမိတ် ကျောက်တိုင်အနီးမှာ စိုက်ထူထားတဲ့ မြန်မာနိုင်ငံအလံကို တရုတ် နယ်ခြားစောင့်တပ်က လက်နက်အပြည့်အစုံ ဝတ်ဆင်ထားတဲ့ တပ်ဖွဲ့ဝင် ၁၀ ဦးခန့်က လာရောက်ဖျက်ဆီး တာတွေရှိခဲ့ပါတယ်။ အဲဒီကိစ္စကို မြန်မာအစိုးရက မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကို ခေါ်ယူဆွေးနွေး ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလတုန်းကလည်း ရှမ်းပြည်နယ်၊ (ကြူကုတ်) ပန်ဆန်းမြို့နယ်၊ ဖိုးကောင်းကျေးရွာမှာလည်း တရုတ်ဘက်က မြန်မာနိုင်ငံထဲကို မီတာ ၃၀ ကျူးကျော်ပြီး သံကွန်ကရစ်တံတိုင်း တည်ဆောက်ဖို့ကြိုးစားခဲ့တာကြောင့် နယ်စပ်အငြင်းပွားမှုတွေဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၈ ခုနှစ် အောက်တိုဘာလတုန်းကလည်း မူဆယ်မြို့မှာ မြန်မာနိုင်ငံဘက်က ဆင်ဖြူဈေးတည်ဆောက်နေတာကို တရုတ်နယ်ခြားစောင့်တပ်က လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်လာပြီး ကန့်ကွက်ခဲ့တာကြောင့် ဈေးတည်ဆောက်နေတာကို ရပ်တန့်ခဲ့ရပါတယ်။
ဒါကြောင့် ၁ နှစ် ဝန်းကျင်အတွင်း နှစ်နိုင်ငံ နယ်နိမိတ် ပြဿနာဟာ အနည်းဆုံး လေးကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
တရုတ်- မြန်မာနယ်စပ် အငြင်းပွားမှုတွေ ဖြစ်ပေါ်လာရင် ဖြေရှင်းဆောင်ရွက်ဖို့အတွက် မြန်မာ- တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်မှာ နှစ်နိုင်ငံ သဘောတူလက်မှတ် ရေးထိုးထားတာရှိပေမယ့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှု အားနည်းချက်တွေ ရှိနေပါတယ်။
(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့သည်။)