တရုတ်-မြန်မာနယ်စပ် မူဆယ်ဂိတ် လူဝင်၊ လူထွက် ပိတ်ပင်

ကံသာ
2020.04.01

တရုတ် - မြန်မာ နယ်စပ်ဂိတ်တွေမှာ လူဝင်လူထွက်မှုတွေကို ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်းပြချက်နဲ့ တရုတ်နိုင်ငံဘက်က ဒီကနေ့မှာ ကန့်သတ်လိုက်ပါပြီ။ မူဆယ်မြို့ မှတ်ပုံတင်ကိုင်ဆောင်တဲ့ ကုန်တင်ယာဉ်မောင်းကလွဲရင် ကျန်တဲ့ဒေသက မှတ်ပုံတင် ကိုင်ဆောင်သူအားလုံး ဒီကနေ့စပြီး တရုတ်ထဲကို ဝင်လို့ မရတော့တဲ့အတွက် ကုန်သည်တွေ၊ ကားသမားတွေနဲ့ မြန်မာနိုင်ငံ ဒေသအသီးသီက လာရောက်အလုပ်လုပ်ကိုင်သူတွေ အခက်အခဲဖြစ်နေကြပါတယ်။

တရုတ်မြန်မာနယ်စပ် ဂိတ်တွေကနေ နိုင်ငံခြားသား ဝင်ရောက်မှုတွေကို တရုတ်နိုင်ငံဘက်က ဒီကနေ့မှာပဲ ပိတ်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် နယ်စပ်ဂိတ်တွေ ပိတ်မယ့်အခြေအနေကို တရုတ်ဘက် မူဆယ်ခရိုင် အုပ်ချုပ်ရေးအဖွဲ့နဲ့ လဝကကို အကြောင်းကြားလာတယ်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက RFA ကို ပြောပါတယ်။

မူဆယ် နယ်စပ်မှာဆိုရင် မန့်ဝိန်းကုန်တင်ဂိတ်နဲ့ ကျင်စန်းကျော့ ကုန်တင်ဂိတ်တွေမှာ ပစ္စည်းပို့တဲ့ ကားဒရိုင်ဘာ တစ်ဦးကလွဲရင် ကျန်တဲ့သူတွေကို အဝင်မခံတော့ပါဘူး။

အဲလိုပစ္စည်းပို့တဲ့ ကုန်တင်ကားသမားဟာလည်း မူဆယ်မြို့မှတ်ပုံတင် နံပါတ်ကိုင်ဆောင်ထားသူကိုသာ လက်ခံတဲ့အတွက် တခြားမြို့က ကားသမားတွေ အခက်အခဲ ဖြစ်ရတယ်လို့ ရှမ်းပြည်နယ် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ အသင်းမူဆယ်မြို့ ဥက္ကဋ္ဌ ဦးဝင်းအောင် ခန့်က ပြောပါတယ်။

မတ်လ ၂၉ ရက်နေ့လောက်ကစပြီး တရုတ်မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံသားဝင်ရောက်မှုကို ကန့်သတ်တာ တွေစတင်လာခဲ့တာပါ။

မြန်မာပြည်မကြီးကနေလာရောက်တဲ့သူတွေကို တစ်ခါသုံး ကတ်နဲ့ဝင်ရောက်မှုကို စတင်ကန့်သတ်ခဲ့ပြီး နောက်ပိုင်းမှာဆိုရင် မူဆယ်မှတ်ပုံတင် ကိုင်ဆောင်သူတွေကိုပဲ ဝင်ထွက်ခွင့်ပြုတော့တာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကုန်တင်ကားသမားတစ်ဦးကလွဲရင် ဘယ်သူ့ကိုမှ ဝင်ထွက်ခွင့်မပေးတော့လို့ တရုတ်နိုင်ငံထဲမှာ သွားရောက်အလုပ်လုပ်နေသူတွေ တစ်ပိုင်တစ်နိုင် ကုန်သည်တွေအတွက် အခက်အခဲရှိနေကြတယ်လို့ မူဆယ်မြို့က ကုန်သည်တစ်ဦးဖြစ်တဲ့ ကိုကစ္စနားက ပြောပါတယ်။

တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအဖွဲ့က မတ်လ ၃၁ ရက်နေ့ ညပိုင်း ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ တရုတ်နိုင်ငံကို နိုင်ငံခြားသားဝင်ရောက်မှုတွေကို ခေတ္တရပ်ဆိုင်းမှာဖြစ်ပြီး နယ်စပ်မှာ နေထိုင်တဲ့ နေအိမ် အတည်တကျမရှိတဲ့ တရုတ်နိုင်ငံအတွင်း ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ၁၄ ရက် ကိုယ့်စားရိတ်နဲ့ စောင့်ကြည့်ခံရမှာဖြစ်ပြီး နေအိမ်ရှိသူတွေကတော့ မိမိတို့နေအိမ်မှာ ၁၄ ရက် စောင့်ကြည့်ခံရမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။

ဖျားနာတဲ့သူတွေကိုတော့ သီးသန့်ဆေးကုသပေးမှာဖြစ်သလို တရုတ် နိုင်ငံထဲရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လည်ထွက်ခွာချင်ရင်တော့ ထွက်ခွင့်ပေးမယ်လို့ ဆိုပါတယ်။

နယ်စပ်ဂိတ်တွေမှာ ကုန်ပစ္စည်းတင်ပို့ခွင့်ကို ပုံမှန်အတိုင်း ဆောင်ရွက်ခွင့်ပေးမှာဖြစ်ပြီး ကားတစ်စီးကို လူတစ်ဦးနှုန်းနဲ့ သတ်မှတ်နေရာမှာပဲ ကုန်ချခွင့်၊ သယ်ယူခွင့်ပေးမှာဖြစ်သလို တရုတ်နိုင်ငံသား ကုန်တင်ယာဉ်မောင်းတွေကိုတော့ မြန်မာဘက်ကို တရုတ်အစိုးရက လုံးဝဝင်ခွင့်မပေးဘူးလို့ ဆိုပါတယ်။

တရုတ်ထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နယ်စပ်ဂိတ်တွေမှာ ပြန်လာပြီး တံဆိပ်တုံထုစရာ မလိုဘဲ အလုပ်ခန့်အပ်ရေးဌာနတွေက တာဝန်ယူဆောင်ရွက်ပေးရမယ်လို့ ပါရှိပါတယ်။

မြန်မာလုပ်သားတွေအနေနဲ့ တရုတ်ဘက်ကထုတ်ပြန်ထားတဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာကြရမှာဖြစ်ပြီး စောင့်ကြည့်တာတွေကို လုပ်ဆောင်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ တာဝန်ရှိသူတွေနဲ့ အရေးပေါ်အခြေအနေအတွက် နယ်စပ်ဝင်ထွက်ဖို့လိုအပ်တဲ့ ဝန်ထမ်းတွေ အဖွဲ့အစည်းတွေအနေနဲ့ နယ်စပ်စစ်ဆေးရေးဌာနတွေကို ကြိုတင်အကြောင်းကြားရမယ်လို့ ပါရှိပါတယ်။

တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့အချိန် တရုတ်ဘက်က မြန်မာပြည်မကြီးကနေ နယ်စပ်တွေကို လာတဲ့လမ်းတွေ မြို့အဝင်ပေါက်တွေ အားလုံးပိတ်ထားတာကလွဲလို့ နယ်စပ်ဂိတ်တွေပိတ်ခဲ့တာ မရှိပါဘူး။

မြန်မာဘက်ကလည်း ဂိတ်တွေကို မပိတ်ခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူတွေ ရှိလာတဲ့အချိန်မှာတော့ တရုတ်ဘက်က သူတို့ဘက်ကိုဝင်တဲ့ ဂိတ်ပေါက်တွေကို ပိတ်လိုက်တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ တရုတ်-မြန်မာနယ်စပ် တရားဝင်ဂိတ်တွေဟာ မူဆယ်မြို့နယ်အတွင်းမှာ ခြောက်ခုရှိပြီး၊ ကိုးကန့် ဒေသမှာ နှစ်ခုနဲ့ နမ့်ခမ်းမှာ နှစ်ခု စုစုပေါင်း ဆယ်ခုရှိတာဖြစ်ပါတယ်။

နယ်စပ် ဂိတ်တွေပိတ်တာနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူတွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးမယ်လို့လည်း နယ်စပ်ကုန်သည် တချို့က ပြောပါတယ်။

အလားတူ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာလည်း နယ်စပ်ဂိတ်တွေကို ပိတ်ပင်ထားပြီး မြန်မာနိုင်ငံသားတွေ နေရပ်ပြန်နိုင်ရေးအတွက် နှစ်နိုင်ငံအစိုးရ ညှိနှိုင်းပြီး မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်ခွင့် ပေးထားပါတယ်။

ထိုင်းနိုင်ငံကနေ ပြန်လာတဲ့သူတွေထဲက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တွေ့ရှိပြီးနောက်ပိုင်း ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားတာကို ထိန်းချုပ်နိုင်ဖို့ မြဝတီနယ်စပ်ဂိတ်ကနေ ဝင်ရောက်လာတဲ့သူတွေအနေနဲ့ အစိုးရက သတ်မှတ်ထားတဲ့ ကန့်သတ်စောင့်ကြည့် စစ်ဆေးတဲ့နေရာမှာ ၁၄ ရက် မဖြစ်မနေနေရမယ်ဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြဝတီနယ်စပ်ဂိတ်ကနေ ဝင်လာတဲ့သူတွေကို ၁၄ ရက်စောင့်ကြည်ဖို့ နေရာတွေကို ကရင်ပြည်နယ်အစိုးရက စီစဉ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူဦးရေ သုံးသောင်းခွဲကျော်ပြန်ရောက်လာတာကြောင့် စောင့်ကြည့်စစ်ဆေးဖို့အတွက် နေရာချထားပေးဖို့ အခက်အခဲရှိနိုင်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ အစိုးရက နေရာထိုင်ခင်းစီစဉ်နိုင်ဖို့အတွက် ဧပြီလ ၁၄ ရက်နောက်ပိုင်းမှ ပြန်လာဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားပါတယ်။

ဒီလို့မေတ္တာရပ်ခံထားပေမယ်လည်း ဒီနေ့အထိ မြဝတီအမှတ် ၂ တံတားကနေ ဝင်ရောက်လာသူတွေရှိနေပြီး နောက်ထပ် ပြန်လာသူတွေများမယ်ဆိုရင် နေရာထိုင်ခင်းအတွက် အခက်အခဲဖြစ်နိုင်တယ်လို့ မြဝတီပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

မြဝတီမြို့နယ်က ကျောက်လုံးကြီး၊ လေးကေ့ကော်၊ အားကစားရုံ စတဲ့နေရာမှာ ပြန်တော်ပြန် မြန်မာအလုပ်သမားတွေကို ထားရှိဖို့ အာဏာပိုင်တွေဘက်က ပြင်ဆင်နေပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအနေနဲ့ ဒီလို့ပြင်ဆင်နေတဲ့ကာလမှာ စောင့်ဆိုင်းပြီး ဧပြီ ၁၅ ရက်နောက်ပိုင်းမှ ပြန်ဝင်လာသင့်တယ်လို့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား လေးသန်းဝန်းကျင်ရှိနိုင်ပြီး ဒီအထဲက သိန်းနဲ့ချီတဲ့ အလုပ်သမားတွေဟာ မြဝတီနယ်စပ်ဂိတ်ကနေ ပြန်လည်ဝင်ရောက်လာနိုင်တယ်လို့လည်း ကိုရဲမင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။