တရုတ်က မြန်မာနယ်စပ်မှာ ပိုင်နက်ကျော်ပြီး ခြံစည်းရိုးကာရံမှု ဒေသခံတွေကန့်ကွက်
2021.09.15

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟက်ဟင်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က တရုတ်နိုင်ငံဘက်က မြန်မာပိုင်နက်ထဲကျော်ပြီး လာကာထားတဲ့ ခြံစည်းရိုးတွေကို ဒေသခံတွေက ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
အဲဒီနေရာမှာ ခြံစည်းရိုးကာမယ်လို့ တရုတ်နိုင်ငံဘက် နယ်စပ်အာဏာပိုင်တွေက ကနဦး အကြောင်းကြားလာ ချိန်မှာ မြန်မာဘက်ခြမ်းကို မြေ ၀.၆၀ ဧကလောက်အထိ ပါနေတာကြောင့် ကျေးရွာသားတွေက ကန့်ကွက် ခဲ့ကြပေမယ့် တရုတ်အာဏာပိုင်တွေဘက်က လက်မခံခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့ညနေမှာ တရုတ်ဘက်က ပေ ၄၀ လောက်အထိ ခြံစည်းရိုး စခတ်လာခဲ့တာကို ဒေသခံတွေက ဝိုင်းဝန်းဖျက်ဆီးလိုက်ကြတာလို့ ဟက်ဟင်ကျေးရွာ အုပ်ချုပ်ရေးမှူး လုံးအိုက်ဆွမ် က RFA ကိုပြောပါတယ်။
"တားတော့ တားပြီးပြီ။ ဒီအထိကို မကာနဲ့၊ ဒီအထိ ကာလိုက်ရင် မြန်မာဘက်က မြေ ဝ.၅၀၊ ၇၀ ဧကကျော် လောက် ပါသွားမှာ။ ဒီအထိကာလို့ မဖြစ်ဘူးပေါ့နော်။ အဲလိုတားတဲ့အချိန်မှာ သူတို့ဘက်က ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ ပေါ့နော်။ ၁၂ ရက်နေ့ကျတော့ ဟက်ဟင်ဘက် လူထုကိုလည်း အကြောင်းမကြားဘူး၊ လူထုကိုလည်း အသိမပေးဘူးပေါ့နော်။ မြောင်းအထိ သူတို့ကာချင်တဲ့နေရာကို နှစ်နာရီလောက်မှာ စကာလာတာ။ စကာလာပြီဆို ရွာသူ၊ ရွာသားတွေက သွားတွေ့တာပေါ့။ သွားတွေ့တော့ ကျွန်တော့်ကို လာပြောပြပြီး ရွာသူ၊ ရွာသားတွေကလည်း အကုန်လုံး ပြန်သွားကန့်ကွက်တာပေါ့"
အဲဒီလိုဖြစ်ပြီး နောက်တစ်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာတော့ နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက လာကြည့်ခဲ့ပြီး နယ်မြေအငြင်းပွားမှုအပေါ် နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းရဦးမှာဖြစ်လို့ ခြံစည်းရိုးကာတာကို ရပ်ဆိုင်းထားဖို့အတွက် ပြောဆိုထားတယ်လို့လည်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
တရုတ်နိုင်ငံဘက်က ခြံစည်းရိုးထပ်ကာတာ ရှိ၊ မရှိ ရွာသားတွေက စောင့်ကြည့်နေကြတယ်လို့လည်း သူက ဆိုပါတယ်။
နမ့်ခမ်းမြို့နယ် ဟက်ဟင်ကျေးရွာနဲ့ တရုတ်နိုင်ငံ ကျယ်ရှဲန်တိမ်းခမ်းကျေးရွာတွေဟာ ရှေးယခင်ကတည်းက နှစ်ပြည် တစ်ရွာအဖြစ် နေထိုင်လာခဲ့ကြတဲ့ ရှမ်းတိုင်းရင်းသားကျေးရွာတွေ ဖြစ်ပါတယ်။ အခုနှစ်ဆန်းပိုင်းမှာ နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ်ချက်အရဆိုပြီး ရွာနှစ်ရွာကြားမှာ မြောင်းတူးလိုက်သလို တရုတ်နိုင်ငံဘက်က တိမ်းခမ်းရွာအခြမ်းကိုလည်း ခြံစည်းရိုး ကာလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံဘက်က ပထမကာထားတဲ့ ခြံစည်းရိုးကိုကျော်ပြီး မြန်မာနိုင်ငံဘက်ခြမ်း နမ့်ခမ်းမြို့နယ် ဟက်ဟင်ကျေးရွာအနီးအထိ သံဇကာခြံစည်းရိုး ထပ်ကာလာတဲ့အတွက် ဒေသခံတွေက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
အခု တရုတ်နိုင်ငံက တိုးချဲ့လိုက်တဲ့ နယ်နိမိတ်ဟာ မြန်မာနိုင်ငံဘက်အခြမ်းက ကျေးရွာသားတွေပိုင်တဲ့ နေရာဖြစ်ပြီး စိုက်ပျိုးရေးမဖြစ်လို့ မြေလွတ်အဖြစ် ရှိနေရာကနေ တရုတ်နိုင်ငံသားတွေက ငါးမွေးမြူရေး လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်နေကြတဲ့နေရာဖြစ်တယ်လို့ ဟက်ဟင်ကျေးရွာသူ နန်းစံခမ်းက ပြောပါတယ်။
"အဲဒီမြေပမာဏဟာဆိုရင် အရိပ်ကျတဲ့နေရာပေါ့နော်။ ဘာဖြစ်ဖြစ် စိုက်ပျိုးလို့ မဖြစ်ထွန်းတဲ့ နေရာ ဆိုတော့ ရွာသူ၊ ရွာသားတွေက အဲဒီနယ်မြေကို ဒီအတိုင်းထားပြီးမှ ဘာမှမစိုက်ကြဘူး။ အဲဒီအချိန်မှာ ဟိုဘက် တရုတ်အခြမ်းက ရွာသူ၊ ရွာသားတွေက အဲဒီနယ်မြေမှာ ငါးကန်တွေလုပ်ပြီးမှ မွေးမြူရေးတွေ လုပ်တယ်။ ဝါးပင်တွေ စိုက်တဲ့အချိန်မှာ ညီမတို့ဘက်က ဟက်ဟင် ရွာလူကြီးတွေက အဲလိုမလုပ်ဖို့ အကြိမ်ကြိမ် ပြောခဲ့ပေမယ့်လည်း နားမထောင်ခဲ့ဘူးနော်။ အခုချိန်အထိ သူတို့မြေလို သူတို့သတ်မှတ်ပြီးမှ အဲလိုပုံစံဖြစ်သွားတာ။ ဟိုဘက်ရွာက တရုတ်နယ်စပ် တိမ်းခမ်းအွမ်လို့ ခေါ်တယ်"
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကလည်း နမ်းခမ်းမြို့နယ်မှာရှိတဲ့ ကုန်းဆာကျေးရွာအနီးမှာ တရုတ်နိုင်ငံဘက်က စစ်ယူနီဖောင်းဝတ်ထားသူ ၂၀ လောက်က မြန်မာပိုင်နက်ဘက်ခြမ်းမှာ တရုတ်နိုင်ငံအလံ လာရောက် စိုက်ထူခဲ့တာကြောင့် ဒေသခံတွေက ကန့်ကွက်ခဲ့ကြပါတယ်။
အလားတူ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလကလည်း နမ့်ခမ်းမြို့နယ် နောင်းခမ်းကျေးရွာအနီး နယ်နိမိတ် မိုင်တိုင် ဘီပီ ၅၇ နဲ့ ဘီပီ ၅၈ ကြားမှာ တရုတ်နိုင်ငံဘက်က မြန်မာပိုင်နက်ထဲ ပေ ၆၀ လောက် ကျူးကျော်ပြီး မြေတူးတာကြောင့် ရှမ်းပါတီတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ကန့်ကွက်ခဲ့ပါတယ်။
"တကယ်တမ်းပြောရင် ဒါက နမ့်ခမ်းရယ် ရွာရယ်မဟုတ်ဘဲ ဒါက တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ နယ်မြေပေါ့နော်"
နမ့်ခမ်းမြို့နယ်က ရှမ်းလူငယ် ခေါင်းဆောင်တစ်ဦးဖြစ်သူ စိုင်းခွမ်ကတော့ အခုလို နယ်စပ်ပြဿနာတွေ မကြာခဏ ဖြစ်နေတဲ့အပေါ် နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေက သေချာညှိနှိုင်းဆောင်ရွက်ဖို့လိုတယ်လို့ ထောက်ပြပါတယ်။
"တရုတ်က သူတို့ကျတော့ နယ်စပ်စည်းမျဉ်းလုပ်တဲ့ပုံစံ ဖြစ်သွားတာပေါ့။ တစ်ဘက်ကို မညှိနှိုင်းဘဲနဲ့ အဲလို တန်းလုပ်သွားတာကျတော့ မကောင်းဘူးပေါ့နော်။ စိုက်ပျိုးထားတဲ့ မြေဧရိယာ ဆုံးတာပေါ့ဗျာ။ ဒါလည်း သူတို့ ဘိုးဘွားအစဉ်အဆက် လုပ်လာတော့ သူတို့ ပိုသိတယ်လေ။ ရွာသားတွေက ပိုသိတယ်။ ပိုပြီးတော့ နစ်နာတယ်။ တကယ်တမ်းပြောရင် ဒါက နမ့်ခမ်းရယ် ရွာရယ်မဟုတ်ဘဲ ဒါက တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ နယ်မြေပေါ့နော်။ ဒေသခံသာမဟုတ်ဘဲ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ နယ်မြေဖြစ်တော့ ဒါအားလုံးနဲ့လည်း သက်ဆိုင်တယ်ပေါ့နော်။ ဥပမာ - ဟိုဘက်က မန်စီမြို့နယ်ဘက်ကလည်း ဖြစ်တယ်လေနော်"
ပန်ဆိုင်းမြို့နယ်ခွဲ အတွင်းမှာလည်း ပြီးခဲ့တဲ့လက ကိုးကန့်တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ ဖိုင်းကောင်းကျေးရွာအပါအဝင် နယ်စပ်တစ်လျှောက်မှာ တရုတ်ဘက် အရေးတကြီး ခြံစည်းရိုးတွေ ကာလာခဲ့သလို စီစီတီဗီ စောင့်ကြည့်ကင်မရာတွေလည်း တပ်ထားတာ တွေ့ရတယ်လို့ ဖိုင်းကောင်း ကျေးရွာသား တစ်ဦးက ပြောပါတယ်။ တရုတ်နိုင်ငံဘက်က အခုလို စည်းရိုးကာလိုက်အတွက် တရုတ်နိုင်ငံ ဘက်ခြမ်းကို ဝင်ပါသွားတဲ့ သူတို့ရဲ့ လယ်ယာတွေဆီသွားဖို့ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာပဲ ကချင်ပြည်နယ် အထူးဒေသ (၁)၊ ပြည်သူ့စစ်အဖွဲ့ထိန်းချုပ်တဲ့ တီမောဒေသအတွင်းမှာလည်း တရုတ်ဘက်က နယ်စပ်မှတ်တိုင်ကိုကျော်ပြီး ခြံစည်းရိုးခတ်ခဲ့လို့ ဒေသ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တွေက ဖြေရှင်းခဲ့ရပါတယ်။

တရုတ်နယ်စပ် ရွှေလီချိုင့်ဝှမ်းဒေသမှာ နှစ်ပေါင်းအတန်ကြာ နေထိုင်ခဲ့ဖူးတဲ့ တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးကတော့ အခုလို နှစ်နိုင်ငံ နယ်စပ်ပြဿနာကို သေချာမဖြေရှင်းရင် နယ်စပ်နယ်နိမိတ် ဒေသမှာ နေထိုင်တဲ့ နှစ်နိုင်ငံပြည်သူတွေရဲ့ချစ်ကြည်ရေးကိုပါ ထိခိုက်နိုင်တယ်လို့ သုံးသပ်ပါတယ်။
"မန်ဟီးရိုရွာ နှစ်ဆယ်လောက်ဆိုတာ ကြာလှပြီနေတာ။ ဟိုဘက်မှာလည်း ရှမ်းရွာတွေပါပဲ။ သူတို့ အချင်းချင်းက ဘယ်နားက ဘယ်သူပိုင်တယ်ဆိုတာ သူတို့အချင်းချင်း သိပြီးသားပဲ။ နောက်ပြီး အဲဒီနားတွေက နေရာအကျယ်ကြီး မဟုတ်တော့လေ။ အဲလိုနေရာမှာတော့ နှစ်ဘက် ဒေသန္တရ အာဏာပိုင်တွေ၊ ဒေသခံပြည်သူတွေနဲ့ ညှိပြီးတော့ ခြံစည်းရိုးခတ်တာ လုပ်သင့်တာပေါ့။ တရုတ်ဘက်က ခြံစည်းရိုးခတ်တဲ့ ဒေသန္တရ အာဏာပိုင်တွေကလေ။ အဲလိုမဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်တယ် ဆိုလို့ရင် ဒါတရုတ်ဘက်က အားနည်းချက်လို့ပဲ ပြောရမှာပေါ့။ မန်ဟီးရိုးဒေသလိုမျိုးပေါ့နော်၊ လူနေ ကလည်း ထူထပ်တယ်၊ အားလုံးကလည်း ကိုယ့်ပိုင်ဆိုင်မှုနဲ့ကိုယ်ရှိနေတာ။ ကိုယ့်မြေ၊ ကိုယ့်ခြံ၊ ကိုယ့်လယ် နေရာမှာ ဒေသခံပြည်သူတွေရဲ့အကျိုးစီးပွားကို ထိခိုက်လာရင် နှစ်ဘက် ဒေသခံပြည်သူတွေရဲ့ ချစ်ကြည်ရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အဲဒီ တရုတ်ဒေသန္တရ အာဏာပိုင်တွေရဲ့ ကိုယ့်သဘောနဲ့ ကိုယ် ခြံစည်းရိုးခတ်တာက နယ်စပ်ပြည်သူတွေရဲ့ ချစ်ကြည်ရေးကိုလည်း ထိခိုက်စေတယ်"
တရုတ်နိုင်ငံအနေနဲ့ သူနဲ့ဆက်စပ်တဲ့ နယ်နိမိတ်တွေ အားလုံးနီးပါးကို ကိုရိုနာရောဂါ အကြောင်းပြချက်နဲ့ ခြံစည်းရိုးကာရံနေတာလို့ ယူဆရပြီး ဒါဟာ နယ်စပ် မှောင်ခိုလုပ်ငန်းတွေဖြစ်တဲ့ မူးယစ်နဲ့ လူကုန်ကူးမှု ပြဿနာတွေကို ထိန်းချုပ်ဖို့အတွက်လည်း ဖြစ်နိုင်တယ်လို့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။တရုတ်နိုင်ငံဘက်က မြန်မာနယ်နိမိတ်ထဲဝင်ပြီး ခြံစည်းရိုး ကာရံနေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန် သေးသလို နယ်စပ်မှာရှိတဲ့ မြန်မာတာဝန်ရှိသူတွေကို ဖုန်းဆက်သွယ်ရာမှာလည်း လက်ခံဖြေကြားခြင်း မရှိသေးပါဘူး။
လွန်ခဲ့တဲ့ ၁၉၆၀ မှာ သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့ တရုတ်-မြန်မာနယ်နိမိတ်ဟာ မိုင်ပေါင်း ၁၃၇၀ နီးပါး ရှည်လျားပြီး ကချင်နဲ့ ရှမ်းပြည်နယ်တွေနဲ့ အဓိက ထိစပ်နေတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်အတွင်းမှာဆိုရင် မိုင်းလား၊ ဝ၊ ကိုးကန့် ဒေသတွေအပြင် မုံးကိုး၊ ကြူကုတ်၊ ပန်ဆိုင်း၊ မူဆယ်၊ နမ့်ခမ်းနဲ့ မန့်ဟီးရိုး စတဲ့ မြို့နယ်တွေနဲ့ ထိစပ်နေတာပါ။
တရုတ်နိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပထမလှိုင်း စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ကတည်းက ကပ်ရောဂါ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံသားတွေ အဝင်အထွက်ကို ထိန်းချုပ်ဖို့ လူအဝင်အထွက်များတဲ့ နယ်စပ် ဂိတ်တွေကို တရုတ်ဘက်က တင်းကျပ်လာသလို နယ်စပ်ဂိတ်နဲ့ ကျေးရွာချင်းဆက်နေရာတွေမှာ သံ ခြံစည်းရိုးတွေကို ကာရံလာခဲ့တာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။