တရုတ် မြန်မာ အလင်းဖန်မျှင် ဆက်သွယ်ရေးကြိုးလိုင်း ပြီးစီး


2014.11.16

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား အလင်းဖန်မျှင်စနစ် ဆက်သွယ်ရေးကြိုးလိုင်း သွယ်တန်းနေတဲ့လုပ်ငန်း ပြီးစီးသွားပြီလို့ China Unicom ကုမ္ပဏီက ပြောဆိုကြောင်း China Daily သတင်းကဖော်ပြပါတယ်။

အဲဒ့ီ အလင်းဖန်မျှင်ကြိုးလိုင်းဟာ တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကနေ ရွှေလီ၊ မန္တလေးနဲ့ ရန်ကုန် မြို့တွေကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာထဲက ဆိပ်ကမ်းတွေအထိ မိုင်ပေါင်း ၉၃၀ ကျော် ရှည်လျားပါတယ်။ ဒီစီမံကိန်းကို ၂၀၁၁ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ သန်း ၅၀ ဝန်းကျင် ကုန်ကျတယ်လို့ သိရပါတယ်။

အလင်းဖန်မျှင်စနစ် ဆက်သွယ်ရေးစနစ်ကြောင့် တရုတ်ပြည်တောင်ပိုင်းနဲ့ အရှေ့တောာင်အာရှနိုင်ငံတွေကြား ဆက် သွယ်မှု အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်လာမယ့်အပြင်၊ တယ်လီဖုန်း ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေ ထွန်းကားလာမှာဖြစ်ကြောင်းလည်း China Daily သတင်းကဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကလည်း တရုတ်နဲ့ မြန်မာနှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စွမ်းအင် စတဲ့ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အရှေ့အာရှနဲ့ အာဆီယံဆွေးနွေးပွဲတွေ တက်ရောက်ဖို့ရောက်ရှိခဲ့တဲ့ တရုတ်ဝန်ကြီးချုပ် လီခချန်းနဲ့ သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ လက်မှတ်ရေး ထိုးခဲ့ကြတာပါ။

ဒါ့ပြင်အကြီးစား စီမံကိန်းကြီးတွေကို ပူးတွဲဆောင်ရွက်ကြမယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ အဲဒ့ီစီမံကိန်းကြီးတွေထဲမှာ ဧရာဝတီ မြစ်ဆုံရေလှောင်တမံစီမံကိန်း ပြန်လည်စတင်ရေးကိစ္စပါမပါ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။