တရုတ်-မြန်မာနယ်စပ်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဦးစားပေးထိုးနှံမည်

2021.07.22
တရုတ်-မြန်မာနယ်စပ်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဦးစားပေးထိုးနှံမည် တရုတ်က မြန်မာကို လှူဒါန်းတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ဇူလိုင်လ ၂၂ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိစဉ်။
Photo: Chinese Embassy in Myanmar

တရုတ်အစိုးရက မြန်မာနိုင်ငံအတွက်လှူဒါန်းတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်းထဲက ပထမအသုတ်အဖြစ် ကာကွယ်ဆေး ၇ သိန်းကျော်ကို ဇူလိုင်လ ၂၂ ရက် ဒီနေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

ဗီဒီယိုစနစ်နဲ့ ကျင်းပတဲ့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားမှာ တရုတ်သံအမတ်ကြီး Chen Hai က… ကပ်ရောဂါတတိယလှိုင်း မဖြစ်ပွားခင်က မြန်မာနိုင်ငံကို ကာကွယ်ဆေးအလုံးရေ ၅ သိန်း ပို့ဆောင်ပေးခဲ့သလို၊ နောက်တစ်ဆင့်အနေနဲ့ ကာကွယ်ဆေးအလုံးရေ ၂ သန်း လှူဒါန်းသွားမယ်လို့ ပြောပါတယ်။ ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းတွေ နယ်စပ်ဖြတ်ပြီး သယ်ဆောင်နိုင်ဖို့အတွက် ယူနန်ပြည်နယ်က အထူးလမ်းကြောင်း သီးသန့် ဖွင့်လှစ်ပေးထားကြောင်း၊ လတ်တလော တရုတ်-မြန်မာနယ်စပ်မှာ အတည်ပြုလူနာသစ်တွေ များလာနေတာကြောင့် ယူနန်ပြည်နယ် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်နေကြောင်း တရုတ်သံအမတ်ကြီးက ပြောပါတယ်။

စစ်ကောင်စီကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းကလည်း… ကပ်ရောဂါ ဖြစ်ပွားချိန်ကစလို့ ရောဂါတိုက်ဖျက်ရေးပစ္စည်းတွေ၊ ကျွမ်းကျင်ဆေးပညာရှင်တွေနဲ့ တရုတ်နိုင်ငံက ကူညီခဲ့တာဟာ နက်ရှိုင်းတဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ထင်ဟပ်နေကြောင်း၊ အခုလှူဒါန်းတဲ့ ကာကွယ်ဆေးတွေကို နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်စီးဆင်းမှု အောင်မြင်ရေးအတွက် နယ်စပ်ဒေသက ပြည်သူတွေကို ဦးစားပေး ထိုးနှံပေးသွားမယ့်အကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။