နှစ်နိုင်ငံကြား ကိစ္စရပ်တွေ ကိုင်တွယ်ဖို့ အာရှရေးရာ ကိုယ်စားလှယ် တရုတ်အစိုးရ ခန့်အပ်


2013.03.11
china_burma_border_305_z.jpg တရုတ် မြန်မာနယ်စပ်ဂိတ်
RFA

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားက ကိစ္စကြီးငယ်တွေကို အထူးဦးစားပေးဆောင်ရွက်ဖို့အတွက် တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး အာရှရေးရာ ကိုယ်စားလှယ်အဖြစ် အကြီးတန်းအရာရှိဟောင်းတစ်ဦးကို တရုတ်အစိုးရက တနင်္လာနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဝမ်ယင်ဖန်ကို တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့  အာရှရေးရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အသက် (၇၁) နှစ်အရွယ် ဝမ် ဟာ ဂါနာ၊ ဗြိတိန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ သံအမတ်ဖြစ်ခဲ့ပြီး၊ ၁၉၉၅ ခုနှစ်မှာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် (၅) နှစ် ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။

တရုတ်ပြည် အာရှရေးရာအထူးကိုယ်စားလှယ် ဝမ်ဟာ အထူးသဖြင့် တရုတ်နဲ့ မြန်မာကြား ကိစ္စရပ်တွေကို တာဝန်ယူ ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်။

အခုလို တရုတ်အစိုးရက ပထမဆုံး အာရှရေးရာကိုယ်စားလှယ်ရာထူး ခန့်အပ်လိုက်တာဟာ တရုတ်နဲ့ မြန်မာကြားဆက်ဆံရေးတွေ ရှုတ်ထွေးလာလို့ဖြစ်ကြောင်း ထိုင်ဝမ် ရှီယာမင် တက္ကသိုလ်က မြန်မာ့အရေး လေ့လာသူ ပါမောက္ခ ဖန်ဟောင်ဝေက ပြောပါတယ်။

မြန်မာကနေ တရုတ်ကို သွယ်တန်းနေတဲ့ ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေဟာ လာမယ့်မေလမှာ စတင်အသက်ဝင်တော့မှာဖြစ်ပေမယ့်၊ ၂၀၁၁ ခုနှစ်ကစပြီး ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ၊ အနောက်နိုင်ငံတွေနဲ့ လမ်းပွင့်လာတာတွေ၊ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခံလိုက်ရပြီး၊ လက်ပန်းတောင်းကြေးနီမိုင်းမှာ ပြဿနာတွေ ပေါ်ပေါက်လာတာတွေ၊ ကချင်ပြည်နယ်က တိုက်ပွဲတွေ စတာတွေကြောင့် တရုတ်အစိုးရအနေနဲ့ မြန်မာပြည်တွင်းက သူ့ရဲ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့လိုလာတယ်လို့ ပါမောက္ခဖန်က ပြောပါတယ်။

ဒါ့ပြင် မြန်မာပြည်က လူမျိုးစုပြဿနာနဲ့ မြန်မာအနေနဲ့ အနောက်အုပ်စုဘက် ပိုယိမ်းသွားမလား ဆိုတာတွေဟာ တရုတ်က မထိန်းချုပ်နိုင်တဲ့ကိစ္စတွေ ဖြစ်တယ်လို့လည်းဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။