ကုလအထူးသံ နိုလင်းဟေဇာနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဆွေးနွေး
2023.05.01

မြန်မာ့အရေးဟာ ရှုပ်ထွေးနက်နဲလွန်းတာကြောင့် အမြန်ဆုံးနည်းနဲ့ ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း (Qin Gang) က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စနိုလင်းဟေဇာနဲ့ မစ္စတာချင်ကန်းတို့ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ ဒီနေ့တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တာလို့ တရုတ်အစိုးရပိုင် CGTN သတင်းဌာနက ဖော်ပြပါတယ်။
တရုတ်ဟာ အိမ်နီးချင်းနိုင်ငံဖြစ်တာကြောင့် တခြားနိုင်ငံတွေထက် မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးကို ပိုလို့တောင် စိတ်ဝင်စားတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒါပေမဲ့ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကို ဝင်ဖြေရှင်းတဲ့အခါ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့လိုတယ်လို့ ဆိုပါတယ်။ မြန်မာ့နိုင်ငံရေးမှာ သက်ဆိုင်သူတွေအားလုံးကို ပေါင်းကူးတံတား လုပ်ပေးပြီး ဖွဲ့စည်းပုံနဲ့ ဥပဒေမူဘောင်တွေအောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေကတစ်ဆင့် နိုင်ငံရေးအသွင်ကူးပြောင်းရေးအတွက် ကူညီဆောင်ရွက်သင့်တယ်လို့လည်း သူက ပြောပါတယ်။
ဒါ့ပြင် မြန်မာ့အရေး အာဆီယံရဲ့ကြိုးပမ်းမှုကို အသိအမှတ်ပြုပြီး အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေးကို အားပေးကူညီသင့်တယ်လို့လည်း ဆိုပါတယ်။ တရုတ်အနေနဲ့ မစ္စနိုလင်းဟေဇာရဲ့ မြန်မာ့အရေးကြားဝင်ဆောင်ရွက်မှုကို ထောက်ခံကူညီဖို့ ဆန္ဒရှိတယ်လို့လည်း ပြောပါတယ်။
မြန်မာ့အရေးကို မြန်မာနိုင်ငံကသာ ဦးဆောင်ဖြေရှင်းသင့်ပြီး ပြည်သူတွေရဲ့ ဆန္ဒကို လေးစားသင့်တယ်ဆိုတဲ့ အချက်ကို မစ္စနိုလင်းဟေဇာကလည်း သဘောတူတယ်လို့ တရုတ်အစိုးရသတင်းမှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲကတစ်ဆင့် ဖြေရှင်းဆောင်ရွက်ရမယ်လို့ ခံယူထားကြောင်း၊ တရုတ်ရဲ့ မြန်မာ့အရေး ပါဝင်ဆောင်ရွက်မှုအပေါ် ကျေးဇူးတင်ကြောင်း မစ္စနိုလင်းဟေဇာက ပြောဆိုခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။