တောင်ကိုရီးယားနိုင်ငံထုတ် ဗိုင်းရပ်စ်စစ် တစ်ခါသုံးကိရိယာ စတင် အသုံးပြုမည်


2020.09.29
lashio-corona-622.jpg ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ ဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ၊ မရှိ နှာခေါင်းအာခေါင်တို့ဖတ် ယူစစ်ဆေးနေတာကို ၂၀၂၀ စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရမှု ရှိ၊ မရှိကို အချိန်တိုနဲ့ စစ်ဆေးနိုင်တဲ့ ( Antigen test kit ) စစ်ဆေးရေး ကိရိယာ နှစ်သိန်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီး စက်တင်ဘာလ ၂၉ ရက် ဒီနေ့ကစလို့ မြို့နယ်၊ ခရိုင်ဆေးရုံ တွေမှာ စတင်သုံးစွဲမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့ မနေ့ညက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အစီရင်ခံတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ ဒေါက်တာကျော်စွာဦးက ဒီကိရိယာဟာ တစ်ခါသုံးဖြစ်ပြီး အာခေါင်တို့ဖတ်ယူ စစ်ဆေးရတာဖြစ်ကြောင်းနဲ့ အဖြေသိရဖို့ မိနစ် ၃၀ ဝန်းကျင်ခန့်သာကြာနိုင်တယ်လို့ ပြောပါတယ်။

မြန်မာအစိုးရက နှစ်သိန်းဝယ်ယူထားပြီး တောင်ကိုရီးယားအစိုးရက အရေအတွက် ငါးထောင်ခန့် လှူဒါန်း ထား တယ်လို့ အတိုင်ပင်ခံ ကပြောပါတယ်။

ဒီစစ်ဆေးရေးကိရိယာတွေကို အသုံးပြုမယ်ဆိုရင် ရောဂါပိုးရှိတာတွေ ပိုပြီး မြန်မြန်ဆန်ဆန် တွေ့လာတော့ မှာဖြစ်ပြီး ကုသမှုတွေ စောစောစီးစီးပေးနိုင်လို့ ပျောက်နှုန်းလည်း ပိုကောင်းလာနိုင်တယ်လို့ သူရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ည နောက်ဆုံးထုတ်ပြန်ချက်အရ အတည်ပြုလူနာပေါင်း ၁၁၆၃၁ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၃၀၇၃ ဦး၊ သေဆုံးလူနာ ၂၅၆ ဦးရှိနေပါတယ်။

အာဆီယံမှာ မြန်မာဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဒုတိယအများဆုံးနိုင်ငံဖြစ်နေပြီး လူဦးရေ ၁၀၀ မှာ (၂.၂ ရာခိုင်နှုန်း)၂ ယောက်သေဆုံးနေပါတယ်။ ပထမအများဆုံးကတော့ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး ၃.၇ ရာခိုင်နှုန်းရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။