ကပ်ရောဂါကို မပေါ့ဖို့ လေ့လာသူတွေ သတိပေး

အောင်သိင်္ခ၊ နေမျိုးထွန်း
2020.10.14

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ ဒီနှစ်ဆန်းကစပြီးတွေ့ရှိခဲ့တာ ဆယ်လဝန်းကျင်ရှိလာတဲ့ အချိန်မှာ ပိုးကူးခံရသူတွေ နေ့စဉ် ထောင်ဂဏန်းအထိ တိုးလာသလို သေဆုံးသူတွေလည်း ဆယ်နဲ့ချီပြီး နေ့စဉ်တိုးနေပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း များများစစ်ဆေးလာနိုင်တဲ့အတွက် ပိုးတွေ့ရှိသူဦးရေ တိုးလာနိုင်တယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်  ကူးစက်ခံထားရသူ ၃ သောင်းကျော် ရှိနေပြီး သေဆုံးမှု ၇၀၀ ဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ကနေ အောက်တိုဘာ ၁၃ ရက်နေ့အထိ တစ်ပတ်အတွင်း ပိုးတွေ့လူနာ ၉ ထောင်ကျော်တိုးနေပြီး သေဆုံးလူနာ ၁၈၃ ဦး ရှိလာတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်အတွင်း ပျှမ်းမျှ တစ်ရက်ကို လူနာသစ် ၁၃၀၀ လောက် တိုးနေပြီး သေဆုံးသူကလည်း ၂၆ ယောက်ဝန်းကျင် ရှိနေတာပါ။

ပိုးတွေ့လူနာဦးရေ တိုးလာတယ်ဆိုတာဟာ စစ်ဆေးတဲ့ လူဦးရေများများ စစ်ဆေးနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေထက်စာရင်တော့ မြန်မာနိုင်ငံဟာ ဖြစ်ပွားမှုတန့်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ပြောဆိုချက်အရ ပိုးတွေ့လူနာ ၁၀၀ ရှိမယ်ဆိုရင် အနည်းဆုံး နှစ်ဦးနဲ့ သုံးဦး သေဆုံးမှုရှိတယ်လို့ ပြောပါတယ်။

ရောဂါဖြစ်ပွားမှုအခြေအနေကို ရာခိုင်နှုန်းအရ ကြည့်မယ်ဆိုရင် ကျဆင်းလာတာကိုတွေ့ရပြီး ပေါ့ဆလို့ရတဲ့ အခြေအနေတော့ မဟုတ်ဘူးလို့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဥက္ကာကြည်ဝင်းက ပြောပါတယ်။
လူတွေအနေနဲ့ စားဝတ်နေရေးအတွက် အပြင်ထွက်လုပ်ကိုင်နေရတာတွေလည်း ရှိတဲ့အတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတာတွေကလည်း ရောဂါဖြစ်ပွားမှုကို ပိုမြင့်တက်လာတဲ့ အကြောင်းအရင်းတစ်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ကိုရီးယားက ရောက်ရှိလာတဲ့ ရောဂါရှာဖွေ စမ်းသပ်စက်တွေ ရောက်ရှိလာမယ်ဆိုရင် များများစစ်နိုင်မှာ ဖြစ်တဲ့အတွက် ဖြစ်ပွားမှုအရေအတွက် တိုးလာနိုင်ပြီး စိတ်မပူကြဖို့ စက်တင်ဘာ ၂၉ ရက်နေ့က ပြောထားပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ အောက်တိုဘာ ၉ ရက်နေ့မှာ ၈၀၀ ကျော်ကနေ အောက်တိုဘာ ၁၁ ရက်နေ့မှာ ၁ ထောင့် ၉၀၀ ကျော်တက်သွားခဲ့ပါတယ်။

အောက်တိုဘာ ၁၂၊ ၁၃ နေ့တွေမှာတော့ အရေအတွက် ကျလာတာကိုကြည့်မယ်ဆိုရင် ၃ ပုံတစ်ပုံ နေ့စဉ်လျော့လာနေတာကို တွေ့ရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရဲ့ အောက်တိုဘာ ၁၂ ရက်နေ့ ပြောကြားချက်မှာလည်း ရန်ကုန်တိုင်းမှာ ပြန့်ပွားမှု လျော့သွားတဲ့အပေါ် ပေါ့ဆလို့မရဘူးလို့ ပြောထားပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့အထိ ကိုဗစ် ၁၉ ဖြစ်ပွားမှုနဲ့ သေဆုံးမှုအညွှန်းကိန်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၂၁၆ နိုင်ငံမှာ မြန်မာနိုင်ငံက ၇၉ အဆင့်မှာ ရှိနေပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က အစိုးရတစ်ရပ်တည်း လုပ်ကိုင်တာထက် ပြည်သူတွေအပါအဝင် အာလုံးပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံတွေထက်စာရင်တော့ အရှေ့တောင် အာရှနိုင်ငံတွေဟာ ကိုဗစ် ၁၉ ဖြစ်ပွားမှု ဒုတိယ အဆင့်မှာ ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ နေ့စဉ်ထုတ်ပြန်ချက်ဇယားမှာ ဖော်ပြထားပေမယ့် ရောဂါကြောင့် သေဆုံးတဲ့အတိုင်းအတာကတော့ အရှေ့တောင်အာရှ နိုင်ငံတွေဟာ တတိယအဆင့်မှာပဲ ရှိနေပါတယ်။

ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ အောက်တိုဘာ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲအထိ ပိုးကူးခံရတဲ့ လူနာသစ် ၂၀ ဦးပဲရှိတယ်လို့ တရုတ်နိုင်ငံကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

တရုတ်နိုင်ငံကနေ စတင်ခဲ့တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူ တစ်ကမ္ဘာလုံးမှာ ၃၈ သန်းကျော်ရှိနေပြီး သေဆုံးသူ ၁ သန်းကျော်နဲ့ ပြန်လည်ကောင်းမွန်လာသူ ၂၈ သန်းကျော်နေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။