ရခိုင်မှာ တစ်ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၃ ဦးတွေ့ရှိ
2020.08.23
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ လူနာ နှစ်ဦးတွေ့တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဒီကနေ့ မနက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်တွေ၊ မြောက်ဦးနဲ့ သံတွဲမြို့နယ်တွေမှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၅၃ ဦးအထိရှိလာပြီး အားလုံးအခြေအနေ ကောင်းမွန်တယ်လို့ ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ ၁၂၉၀ ဓာတ်ခွဲစစ်ဆေး ခဲ့ရာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူနာ သုံးဦးတွေ့ခဲ့ပြီး သံတွဲမြို့နယ်မှာ အသွားအလာ ကန့်သတ်စောင့် ကြည့်နေသူ နှစ်ဦးနဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်က တစ်ဦးဖြစ်ပါတယ်။
သံတွဲမြို့နယ်က ပိုးတွေ့လူနာ နှစ်ဦးဟာ အသက် ၅၈ နှစ်အရွယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း တစ်ဦးနဲ့ အသက် ၂၀ အရွယ် ကျောင်းသား တစ်ဦးဖြစ်ပြီး စစ်တွေကို ခရီးသွားရာဇဝင်ရှိတဲ့သူတွေဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က RFA ကို ပြောပါတယ်။
“အဲဒီလူနာတွေ ခရီးသွားရာဇဝင်ရှိတယ်။ စစ်တွေကို လာခဲ့တယ်ဆိုတော့ မြို့နယ်ဆရာဝန်က သံသယ ရှိလို့ဆိုပြီး ယူလိုက်တာပေါ့နော် ယူလိုက်လို့ထွက်တာ။ အဲဒီလူတွေက တခြားကျန်းမာရေးပြဿနာ ဘာမှမရှိဘူး။ ဒါပေမဲ့ Positive ထွက်ထားတာပေါ့။ ကျွန်တော်ဘက်မှာ ရတဲ့စာရင်းအရ တစ်ယောက်က ထွေအုပ်ဝန်ထမ်း၊ တစ်ယောက်က ကျောင်းသား ဒါပါပဲ”
ဒီမနက် ပိုးတွေ့ခဲ့သူ နှစ်ဦးဟာ စစ်တွေက အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့သူတွေဖြစ်ပြီး သံတွဲမြို့မှာ အသွားအလာ သီးခြားကန့်သတ်ထားသူတွေ ဖြစ်တယ်လို့ သံတွဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောပါတယ်။
“သူတို့ကတော့ စစ်တွေကလာတယ်။ လေဆိပ်ရောက်တာနဲ့ ဆေးရုံကားက လာခေါ်ပြီးတော့ ပိုးစစ်တယ်၊ Quaratine ထားတယ်။ Quaratine ထားတော့လည်း သူတို့ကို သီးခြားထားတာ အရင် Quaratine ဝင်တဲ့ သူတွေနဲ့ တွဲမထားဘူး သီးသန့်ပေါ့။ အဓိကတော့ မနက်ပိုင်းဆိုရင် လူစုတဲ့နေရာက ဈေးဖြစ်နေတာပေါ့။ ဈေးကိုတော့ မြို့နယ်က စည်ပင်တွေရော၊ ကျန်းမာရေးအဖွဲ့တွေရော အကုန်ပေါ့။ နောက် မြို့ထဲကို နှာခေါင်းစည်းတပ်ပြီးမှ ဝင်တဲ့ကိစ္စတွေ အထူးတော့ ကြပ်မတ်ပြီး ဂရုစိုက်နေပါတယ်”
ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်း ပြည်တွင်းကူးစက်မှုကြောင့် ပိုးတွေ့လူနာတွေ တိုးလာနေပြီး စစ်တွေမြို့က စောင့် ကြည့်လူနာ လေးဦးနဲ့ မြောက်ဦးမြို့နယ်က အသွားအလာ ကန့်သတ်ထားသူ နှစ်ဦးမှာလည်း ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ညက ထုတ်ပြန်ထားပါတယ်။
မြောက်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်နေ့ မနက်က ပိုးတွေ့အတည်ပြုလူနာ တစ်ဦးနဲ့ မနေ့ညက ပိုးတွေ့ရှိခဲ့တဲ့ လူနာ နှစ်ဦး စုစုပေါင်း သုံးဦးအထိ ရှိနေပြီဖြစ်ပါတယ်။
မြောက်ဦးမြို့နယ်က ပိုးတွေ့လူနာ သုံးဦးနဲ့ ဆက်စပ်တဲ့သူတွေကို ဆေးရုံနဲ့ Quaratine စခန်းတွေကို ပို့ပေးနေရပြီး မြို့ခံတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ မြောက်ဦး သွေးလှူရှင်အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းထွန်းက ပြောပါတယ်။
“ပထမ တစ်ယောက်ရယ်၊ မနေ့က နှစ်ယောက် တွေ့တာတော့ သေချာပါတယ်။ အခုမြောက်ဦးမှာ မြို့သူမြို့သားတွေက စိုးတထိတ်ထိတ်နဲ့ စိုးရိမ်နေကြတဲ့ အခြေအနေဖြစ်နေပါတယ်။ ကျွန်တော်တို့ အသင်းကတော့ လူနာတွေ သွားသယ်ရတာနဲ့ နောက်ပြီး အဲဒီသုံးဦးနဲ့ ဆက်စပ်တဲ့သူတွေ နယ်ရော၊ မြို့ပါ အကုန်လုံး ဆေးရုံကိုပို့တဲ့သူကပို့ Quaratine စခန်းတွေကို ပို့တဲ့သူကပို့ တော်တော်အလုပ်များနေပါတယ်။ မနေ့က ၃၂ ယောက်နဲ့ ဒီနေ့ ၃၇ ယောက် စုစုပေါင်း ၆၉ ယောက် ရှိပါပြီ”
မြောက်ဦးမြို့နယ်က ပိုးတွေ့လူနာတွေ နေထိုင်ခဲ့တဲ့ နေအိမ်နဲ့ လမ်းတွေကို အသွားအလာ ပိတ်ဆို့ကန့်သတ် တာတွေကို ဒီနေ့ မနက်ကစပြီး ဌာနဆိုင်ရာတွေက လုပ်ဆောင်နေပြီး မြောက်ဦးက ကိုရိုနာဗိုင်းရပ်စ် ပူးပေါင်းကော်မတီက ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဦးအောင်သန်းထွန်းက ပြောပါတယ်။
မြောက်ဦးနဲ့ သံတွဲမြို့နယ်တွေက ပိုးတွေ့လူနာတွေနဲ့ ထိတွေခဲ့သူတွေကို အသွားအလာ ကန့်သတ်စောင့်ကြည့် တာတွေ လုပ်ဆောင်ထားပြီး နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေယူပြီး စစ်ဆေးနေပါတယ်။
ပိုးကူးစက်ခံရသူတွေ ထပ်မံတွေ့ရှိလာရင် ဆက်စပ်ထိတွေ့ခဲ့သူတွေကို အချိန်နဲ့တပြေးညီ ကန့်သတ်စောင့်ကြည်ဖို့ လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်တွေဆေးရုံမှာ ကိုယ့်ဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မယ့် ဆရာဝန်တွေနဲ့ သူနာပြု ၂၄ ဦးဟာလည်း စစ်တွေမြို့ကို ဒီနေ့မနက်က လေယာဉ်နဲ့ ရောက်လာရှိလာပါတယ်။
ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှု အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်ဖို့အတွက် ပြည်ထောင်စုနဲ့ ပြည်နယ် ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
“အခုလောလောဆယ် ကုတင် ၂၀၀ လောက် ပြင်ဆင်ထားပြီးသားဖြစ်တယ်။ အားလုံးဆေးပစ္စည်းတွေလည်း အဆင်သင့် အရံသင့်လုပ်ပြီးသားဖြစ်တယ်။ စစ်တွေမှာ ဆရာဝန်တွေ မလုံလောက်တဲ့အတွက်ကြောင့် ပြည်ထောင်စုကိုတောင်းပြီး ရန်ကုန်က ဆရာဝန်တွေလည်း ဒီနေ့ပဲ ရောက်ကြတယ်။ အရင်ရောက်ပြီးသားနဲ့ဆို ဆရာဝန် ၃၀ ကျော်လောက် ရောက်တယ်။ ဒါတွေ ကျွန်တော်တို့ ထိန်းချုပ်နိုင်ဖို့အတွက်တော့ အတတ်နိုင်ဆုံး ပြည်ထောင်စုနဲ့ ပြည်နယ်နဲ့ ပူးပေါင်းပြီးတော့ လုပ်နေကြပါတယ်”
ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်ခံရတဲ့ ပိုးတွေ့လူနာတွေ တနေ့တခြား တိုးလာနေပြီး ရန်ကုန် စစ်တွေ ပြေးဆွဲနေတဲ့ ကုန်ကားတွေ အသွားအလာကန့်သတ်လိုက်တာကြောင့် လက်ရှိ စစ်တွေမှာ ကုန်ဈေးနှုန်းတွေ မြှင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ တိုင်းတွေက ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ကုန်ကားတွေ ဝင်ထွက်တာပိတ်ဖို့ ပြောဆိုတာတွေရှိလို့ ညှိနှိုင်းနေဆဲဖြစ်သလို ကုန်စည်ပြတ်တောက်မှုမဖြစ်အောင် အတတ်နိုင်ဆုံး ညှိနှိုင်းဆောင် ရွက်ပေးသွားမယ်လို့ ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၁၆ ရက်နေ့ကနေ ဒီကနေ့ မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အတည်ပြုလူနာ စစ်တွေမှာ ၄၈ ဦး၊ မြောက်ဦးမှာ သုံးဦးနဲ့ သံတွဲမှာ နှစ်ဦး စုစုပေါင်း ၅၃ ဦး ရှိလာပြီဖြစ်ပါတယ်။