ကပ်ဘေးကာလ ပြောင်းရွှေ့ရဲဝန်ထမ်းတွေ ထဲမှာ ပိုးကူးစက်ခံထားရသူ ပါဝင်နေ
2020.09.28
ရန်ကုန်တိုင်းကနေ စစ်ကိုင်းတိုင်းကို ပြောင်းရွှေ့တာဝန်ကျတဲ့ ရဲဝန်ထမ်းတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ နှစ်ဦး ပါဝင်နေပါတယ်။ ရောဂါပိုးတွေ့ရှိမှု များနေတဲ့ ဒေသတွေက ဝန်ထမ်းတွေကို တခြားဒေသကို ပြောင်းရွှေ့တာဝန်ချတာတွေဟာ ရောဂါပိုးဖြန့်သလို ဖြစ်နေမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
အခုလ ၂၃ ရက်နေ့က ရန်ကုန် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးက ဝန်ထမ်း ၁၁ ယောက်ဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ နယ်ထဲက အမှတ် (၂၈) ရဲတပ်ရင်းကို ရွှေ့ပြောင်းလာရပါတယ်။ ၂ ရက်အကြာမှာ သူတို့ကို နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာယူပြီး စစ်ဆးလိုက်တဲ့အခါ ရဲဝန်ထမ်း ၁၁ ယောက်ထဲက နှစ်ယောက်မှာ ပိုးတွေ့ရှိပါတယ်။
ယင်းမာပင်မြို့ဟာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ မတွေ့ရှိထားသေးတဲ့မြို့ဖြစ်ပြီး အခုတွေ့ရှိမှုက ပထမဆုံးအကြိမ်ပါပဲ။
ယင်းမာပင်မြို့က လူမှုကူညီရေးလုပ်ငန်း လုပ်ဆောင်နေသူ ကိုမင်းနိုင်ဇော်က ကြိုတင်စစ်ဆေးမှုမရှိဘဲ ပြောင်းရွှေ့တာဝန်ချတာ မဖြစ်သင့်ဘူးလို့ ဝေဖန်ပါတယ်။
“ယင်းမာပင်မြို့မှ မဟုတ်ဘူး၊ တခြား ဘယ်ဒေကိုပဲပြောင်းရွှေ့၊ ပြောင်းရွှေ့ပေါ့၊ မပြောင်းခင်မှာ သူတို့ကို စစ်ပြီးမှ ပိုးမတွေ့မှ လွတ်ရင်မကောင်းဘူးလား၊ ဘာဖြစ်လို့ မစစ်ပဲ ဒီတိုင်းလွတ်နေလဲ၊ အကြောင်းရင်းက ဘာလဲ၊ ဒါကို သဘောမကျဘူး၊ လူတွေက အခုဆို စိုးရိမ်ထိတ်လန့်ပြီး မြို့က အခုဆို တော်တော်လေးကို ခြောက်သွားတယ်“
ကိုမင်းနိုင်ဇော်ဟာ လူမှုကူညီရေးလုပ်ဆောင်နေသူဖြစ်လို့ ပိုးတွေ့ရှိသူတွေကို တို့ဖတ်ယူရာမှာ အနီးအနားမှာ ရှိနေတာကြောင့် အခုအခါမှာတော့ သူကိုယ်တိုင် နေအိမ်မှာ အသွားအလာကန့်သတ် ကြပ်မတ်ခံနေရပါပြီ။
တာဝန်ပြောင်းရွှေ့လာသူတွေမှာ ရောဂါပိုးတွေ့တာဟာ ဒေသအတွက်လည်း စိတ်ပူစရာဖြစ်သလို သူတို့ လာခဲ့တဲ့ ခရီးတလျှောက်လည်း စိုးရိမ်စရာဖြစ်တယ်လို့ ယင်းမာပင်မြို့က ဒေသခံ ကိုကျော်ရဲထွဋ်က ပြောပါတယ်။
“ရောဂါပိုးများတဲ့ ဒေသကနေ တခြားဒေသတွေ ပြောင်းတဲ့အခါကျ ရောဂါပိုးက တစ်နေရာတည်းမှာ ထိန်းချုပ်ရခက်သွားမယ်။ မြန်မာပြည်အနှံ့ပေါ့၊ အရပ်စကားနဲ့ပြောရရင် ရောဂါပိုးဖြန့်တဲ့ ပုံစံမျိုးဖြစ် သွားနိုင်တယ်။ အခုဆို ပိုးရှိတဲ့ဒေသက ပိုးမရှိတဲ့ဒေသကို ပြောင်းလာတဲ့အခါကျ ပြည်သူတွေ စိုးရိမ်ကြတယ်“
ဒီလိုကာလမှာ ပြောင်းရွှေ့ကြရတာတွေကို ရဲဝန်ထမ်းအများစုကလည်း မလိုလားကြပါဘူး။
တချို့ရဲဝန်ထမ်းတွေဟာ ပြောင်းရွှေ့မိန့် ကျထားတဲ့နေရာဆီ ပြောင်းဖို့အတွက် နေပြည်တော်မှာသွားပြီး အသွားအလာစောင့်ကြည့်ကြပ်မတ်ခံဖို့ သွားတာရှိပေမယ့် မြို့ကိုဝင်ခွင့်မရခဲ့တဲ့အတွက် မူလတာဝန်ကျရာနေရာကို ပြန်ခဲ့ကြရတဲ့ ဝန်ထမ်းတွေလည်း အများအပြားရှိပါတယ်။
အဲဒီလို တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို အမည်မဖော်လိုတဲ့ ယာဉ်ထိန်းရဲအရာရှိတစ်ယောက်ရဲ့ ဇနီးဖြစ်သူက အခုလို ပြောပါတယ်။
“အသွားအလာ စောင့်ကြည့်စခန်းဝင်ဖို့ သွားတယ်။ မရောက်ခဲ့ပဲ ငွေကုန်ခဲ့တယ်။ အခုနောက်တစ်ခေါက် သွားမယ်ဆိုရင်တောင် မိသားလိုက် ပစ္စည်းတွေနဲ့ဆိုတော့ ကားဌားရမယ်။ လိုင်းကားနဲ့ မရဘူး၊ အဲဒီ အတွက်တောင် ငွေထပ်မရှိတော့ဘူး။ လောက်ငှအောင်စားပြီး သွားဖို့အတွက် ရွှေရောင်းသွားပေမယ့် အရာမထင်ခဲ့ဘူး၊ ပြန်လာရတယ်။ ကိုဗစ်ပြီးလို့ သွားဆိုသွားစရာ စရိတ်မရှိတော့ဘူး”
ရဲဝန်ထမ်းတွေဟာ သုံးနှစ်တစ်ကြိမ် အပြောင်းအရွှေ့လုပ်ရတယ်လို့ ရဲအသိုင်းအဝိုင်းက သိရပါတယ်။
ဒီလိုကာလမှာ ပြောင်းရွှေ့တာဝန်ချတာတွေ၊ ရဲဝန်ထမ်းတွေကို မပြောင်းရွှေ့ခင် ပိုးရှိ၊ မရှိ စစ်ဆေးကြပ်မတ်မှု ရှိ၊ မရှိနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟ ကို RFA က ဖုန်းနဲ့ မေးမြန်းပေမယ့် လက်ခံဖြေကြားတာ မရှိလို့ စာပို့မေးမြန်းထားတာကိုလည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လကလည်း မန္တလေးမြို့က ရဲအရာရှိသင်တန်းကျောင်းမှာ ရခိုင်ပြည်နယ်ကနေလာတဲ့ ရဲအရာရှိတစ်ယောက်ဆီကနေ ရောဂါပိုးတွေ့ရှိခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် ဒီကနေ့ စက်တင်ဘာ ၂၈ ရက်မနက်အထိ ပိုးတွေ့ရှိသူ ၁၀၇၃၄ ဦးရှိပြီး သေဆုံးသူ ၂၂၆ ယောက်အထိ ရှိနေပြီဖြစ်ပါတယ်။