လွှတ်တော်အဖွဲ့ ဥပဒေကြမ်းကို ကိုယ်စားလှယ်တွေ ကန့်ကွက်ဆွေးနွေး


2017.10.26
amyothar-parliament-622 အမျိုးသားလွှတ်တော် အဆောက်အဦးကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ပြည်သူ့လွှတ်တော်က ပေးပို့လာတဲ့ မြန်မာနိုင်ငံတော် လွှတ်တော်အဖွဲ့ ဥပဒေကြမ်းကို ဒီကနေ့ အမျိုးသားလွှတ်တော် မှာ ဆွေးနွေးရာမှာ ဆွေးနွေးတဲ့ ကိုယ်စားလှယ်အများစုက ကန့်ကွက်ဆွေးနွေးကြပါတယ်။

ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၄ က ဦးကျော်ကျော်က မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်းဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်ကို ထိန်းချုပ်ဖို့ကြိုးစားတာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီဥပဒေကြမ်းဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီးက အဆိုတွေ၊ ဥပဒေတွေကို ထိန်းချုပ်ဖို့ကြိုးစားတာလို့လည်း ဦးကျော်ကျော်က ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်လွှတ်တော်က ပေးပို့တဲ့ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ကဥပဒေကြမ်းကို ကိုယ်စားလှယ် ၈ ဦးက ဆွေးနွေးကြတာပါ။

ဆွေးနွေးတဲ့ ကိုယ်စားလှယ် ၈ ဦးထဲမှာ NLD ပါတီက ကိုယ်စားလှယ် ၂ ဦးက ထောက်ခံပေမယ့် တပ်မတော်သား ၂ ဦးနဲ့ အခြားကိုယ်စားလှယ် ၄ ဦး စုစုပေါင်း ၆ ဦးကတော့ အဲဒီ ဥပဒေကြမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီ တာ၊ ဗဟိုချုပ်ကိုင်ဖို့ ကြိုးစားတာလို့ ဝေဖန်ကြပါတယ်။

မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေကြမ်းအရ ပြည်ထောင်စုလွှတ်တော် သက်တမ်းနဲ့ အညီဖြစ်မယ့်အဲဒီအဖွဲ့ကို  ပြည်ထောင်စုလွှတ်တော် နာယကက ဥက္ကဌ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ဥက္ကဌတွေက အဖွဲ့ဝင်တွေ အဖြစ် ဆောင်ရွက်ရမှာဖြစ်ပြီး အစည်းအဝေးကို တစ်နှစ်တစ်ကြိမ် အနည်းဆုံးကျင်းပရမယ်လို့ ပါရှိပါတယ်။

အဲဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ကြားနာကာ လွှတ်တော်ကို အစီရင်ခံစာ ပြန်ပြီးတင်သွင်းရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။