မြန်မာအလုပ်သမားတွေပါတဲ့ ကားတိမ်းမှောက်၊ ၆ ဦး သေဆုံး


2018.04.10
thai-car-accident-622.jpg မြန်မာအလုပ်သမားတွေ သယ်ဆောင်လာတဲ့ကား ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က တိမ်းမှောက်စဉ်
Photo: MOEAF Facebook

ထိုင်းနိုင်ငံကို MOU စနစ်နဲ့ အလုပ်သွားလုပ်မယ့် မြန်မာအလုပ်သမား ၅၀ ကျော် လိုက်ပါလာတဲ့ယာဉ်ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မနေ့ညက တိမ်းမှောက်တာကြောင့် ၆ ဦးသေဆုံးပြီး ၁၂ ဦး ဆေးရုံတင်ထားရပါတယ်။

ကားက အရှိန်လွန်တိမ်းမှောက်ခဲ့တာဖြစ်ပြီး ဆေးရုံတင်ထားရတဲ့ ၁၂ ယောက်ထဲက ၅ယောက်ဟာ အရေးပေါ် ဆေးကုသမှုခံနေရတယ်လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ ရောင်ခြည်ဦးအဖွဲ့က ကိုလှမျိုးသိန်း က ပြောပါတယ်။

"ကားမှောက်တာကတော့ ကားသမားက နောက်ဆုံးဂိတ်ပေါ့ဗျာ၊ နောက်ဆုံးဂိတ်မှာ စစ်ဆေးပြီးတဲ့ အချိန်မှာ ကားကိုမတရားမောင်းတယ်။ မောင်းတဲ့အချိန်မှာ တောင်အဆင်း လမ်းအကွေ့ရောက်တော့ speed မထိန်းနိုင်ဘဲ နဲ့ ဘရိတ်အုပ်တဲ့အချိန်မှာ တုံးလုံးလဲသွားပြီး လမ်းဘေးပလက်ဖောင်းကို၊ ခါးစောင်းလောက်မြင့်တဲ့ ပလောက်ဖောင်းကိုကျော်ပြီး ဟိုဘက်ရောက်သွားတယ်လို့ သိရတယ်။ ဟိုဘက် မှာတော့ ချောက်ပေါ့ဗျာ။ သိပ်အမြင့်ကြီးတော့ မဟုတ်ဘူး။ နည်းနည်းနိမ့်တယ်ပေါ့။ လက်ရှိဆေးရုံမှာတော့ ၁၂ ယောက်ထဲက ၅ ယောက် ကတော့ အရေးပေါ်တင်ထားရတယ်။ အရေးပေါ်တင်ထားတဲ့ ၅ ယောက်လည်း လက်ရှိကြားရတဲ့ သတင်းအရ ဆိုရင် ၃ ယောက်ကတော့ လက်တွေဘာတွေ ဖြတ်ရမယ့်အခြေအနေရှိတယ်"


ထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့အတွက် အလုပ်သမားအေဂျင်စီက မြန်မာအလုပ်သမား ၂၀၀ ကို စေလွှတ်လိုက်တာ ဖြစ်ပြီး တိမ်းမှောက်တဲ့ကားပေါ်မှာ အလုပ်သမား ၅၁ ယောက် လိုက်ပါလာတယ်လို့ သိရပါတယ်။

အဲဒီမြန်မာအလုပ်သမားတွေဟာ မြန်မာနိုင်ငံနယ်အစုံကဖြစ်ပြီး မကွေးနဲ့ ပဲခူးဘက်က ပိုများတယ်လို့ သိရပါတယ်။

အသက်ရှင်ကျန်တဲ့ အလုပ်သမားတွေရဲ့ဆန္ဒအရ နေရပ်မပြန်ချင်ဘဲ အလုပ်လုပ်ဖို့ ဆက်သွားချင်တာကြောင့် လုပ်ငန်းခွင့်ဝင်နိုင်ဖို့နဲ့ သေဆုံးသွားတဲ့ အလုပ်သမားတွေအတွက် အလုပ်သမားအခွင့်အရေးတွေရရှိအောင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမားသံအရာရှိတွေက ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ထိုင်းကနေ မြန်မာနိုင်ငံကို ပြန်လာတဲ့ MOU အလုပ်သမားတွေ လိုက်ပါလာတဲ့ ယာဉ်မီးလောင်မှုဖြစ်ပွားပြီး အယောက် ၂၀ သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။