အကျဉ်းသား ၂၃ဝဝဝ ကျော် စစ်အစိုးရလွှတ်ပေး

2021.02.11
အကျဉ်းသား ၂၃ဝဝဝ ကျော် စစ်အစိုးရလွှတ်ပေး အင်းစိန်ထောင်ရှေ့မြင်ကွင်း။
File Photo/AFP

နိုင်ငံတဝန်းမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၂၃၃၁၄ ယောက် တို့ကို စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ စစ်အစိုးရက ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကြေညာပါတယ်။

အလားတူနိုင်ငံခြားသား အကျဉ်းသား ၅၅ ယောက်ကိုလည်း ပြန်လွှတ်ပေးလိုက်တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် သေဒဏ် ချမှတ်ခံထားရတဲ့သူတွေကို ထောင်ဒဏ် တစ်သက်အဖြစ် လျှော့ပေါ့ပေးလိုက်သလို ထောင်ဒဏ် တစ်သက်ကျခံနေရသူတွေကို ထောင်ဒဏ် နှစ် ၄၀ ကို လျှော့ပေါ့ပေးလိုက်တယ်လို့လည်း ကြေညာပါတယ်။

ဒီကနေ့ စစ်အစိုးရက လွှတ်ပေးလိုက်တဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါ၊မပါ ဆိုတာနဲ့ ၊ ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေဟာ ဘယ်လိုလူတွေဆိုတာကိုတော့ သေချာဖော်ပြထားတာ မရှိပါဘူး။

လက်ရှိ အကျဉ်းကျနေတဲ့ နိုင်ငံရေးသမားတွေထဲမှာ ရခိုင်နိုင်ငံရေး ခေါင်းဆောင် ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင်၊ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ တို့လည်း ရှိနေပါတယ်။

ဒေါက်တာအေးမောင် ပြန်လည်လွတ်မြောက်လာမလားဆိုပြီး မျှော်လင့်နေကြတယ်လို့ မိသားစုဝင်တဦးက RFA ကိုပြောပါတယ်။

စစ်တပ်ကို ထောက်ခံတဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ ဦးဝီရသူ၊ ဘူးလက်ဦးလှဆွေ၊ ဦးဌေးအောင်တို့လည်း အင်းစိန်ထောင်တွင်းကနေ အမှုရင်ဆိုင်နေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။