ဘင်္ဂလားဒေ့ရှ်ကို မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိ
2017.12.19

ရခိုင်ပြည်နယ် မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက်ရှိနေသူတွေကို ပြန်လည်လက်ခံရေးအတွက် အထောက်အကူပြုအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေ ပါတယ်။
နှစ်နိုင်ငံလက်မှတ်ရေးထိုးထားတဲ့ အချက်တွေထဲက သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်တဲ့ အနေနဲ့ သွားရောက်တာဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဒီနေ့ ပြောပါတယ်။
"နှစ်နိုင်ငံသဘောတူညီချက်ထဲမှာ သုံးပတ်အတွင်း ကော်မတီဖွဲ့မယ်လို့ ပြောထားတဲ့အထဲ အဲဒီအတွက် သွားတယ်လို့ထင်တယ်၊ အဲဒီမှာ လဝက နိုင်ငံခြားရေးပါတယ်၊ စာချုပ်အတိုင်း ပုံမှန်လုပ်ဆောင်နေတာပဲလေ၊ လူပြန်လည်လက်ခံရေးအတွက် လုပ်ဆောင်နေတာပဲလေ"
အဲဒီမြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ထဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့က ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ နှစ်နိုင်ငံ သဘောတူစာချုပ်အရ စာချုပ်ချုပ်ဆိုတဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့ကနေ ၂ လအတွင်း ပြန်လည်ခေါ်ယူရေးအစီအစဉ် စတင်ရမှာဖြစ်ပါတယ်။
တောင်ပြိုလက်ဝဲနဲ့ ငါးခူရ တို့မှာ ဆောက်လုပ်နေတဲ့ ပြန်လည်လက်ခံရေးစခန်းတွေလည်း ပြီးစီးတော့ မှာဖြစ်တယ်လို့ သိရပါတယ်။