တရားမဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၁ ဦးကို ပြည်နှင်ဒဏ်ပေး
2019.06.13

ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ် ဆဒုံးမြို့မှာ တရားမဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၁ ဦးကို လဝက အက် ၁၃ (၁) နဲ့ အရေးယူပြီး ဒီကနေ့ တရုတ်အာဏာပိုင်တွေဘက်ဆီကို ပြည်နှင်ဒဏ်အဖြစ် လွှဲပြောင်းပေး လိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က သူတို့ကို ဆဒုံးမြို့ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပြီး တရားမဝင် ဝင်ရောက်လာမှု လဝက အက် ၁၃ (၁) နဲ့ ဝိုင်းမော်မြို့နယ်တရားရုံးမှာ အမှုဖွင့်ပြီး ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်ပါတယ်။
မေလ ၃၀ ရက်နေ့မှာ ဝိုင်းမော်မြို့နယ်တရားရုံးက တစ်ဦးကို ဒဏ်ငွေ ကျပ် ၅ သိန်းစီပေးဆောင်စေဖို့ အမိန့် ချမှတ်ခဲ့ပါတယ်။
ဖမ်းဆီးရမိချိန်ကစပြီး ဝိုင်းမော်အချုပ်စခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားရာကနေ ပြည်နယ်အစိုးရအဖွဲ့ရဲ့အမိန့်နဲ့ ဒီကနေ့ ကန်ပိုင်တီကနေတဆင့် တရုတ်အာဏာပိုင်တွေဆီ ပြည်နှင်ဒဏ်အဖြစ်နဲ့ လွှဲပြောင်းပေးလိုက်တာလို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။