မြန်မာအိမ်ဖေါ်တွေပေးရတဲ့ ဝန်ဆောင်ခ အစိုးရနဲ့ ခွဲဝေယူမည်


2014.02.05
hong-kong-domestic-workers-305.jpg နှိပ်စက်ညှင်းပန်းခံရတဲ့ အင်ဒိုနီးရှား အိမ်ဖေါ်အရေး ဟောင်ကောင်မှာ ဆန္ဒပြနေကြစဉ်
photo: Internet

ဟောင်ကောင်ကို အိမ်ဖေါ်အဖြစ် သွားရောက် လုပ်ကိုင်မယ့် မြန်မာအမျိုးသမီးတွေဟာ ဝန်ဆောင်ခအဖြစ် အလုပ်ရှာပေးတဲ့ မြန်မာနိုင်ငံ က အေဂျင်စီကို တစ်ဦးလျှင် ကျပ်ငွေ သိန်း ၂၀ လောက်နဲ့ညီမျှတဲ့ ဟောင်ကောင်ဒေါ်လာ ၁ သောင်း ၆ထောင် ပေးရမှာဖြစ်တဲ့အတွက် ဒါဟာ အာရှတိုက်အတွင်း အိမ်ဖေါ်အဖြစ်လုပ်ကိုင်ဖို့ ဝန်ဆောင်ခ အများဆုံးပေးရတာဖြစ်တယ် လို့ ဟောင်ကောင်မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ South China Morning Post သတင်းစာက ဗုဒ္ဓဟူးနေ့ မနေ့က ဖေါ်ပြလိုက်ပါတယ်။

မြန်မာအိမ်ဖေါ်တွေ ဟောင်ကောင်ကိုစေလွှတ်တဲ့ လုပ်ငန်းအတွက် မြန်မာနိုင်ငံရှိ Gold Mine International အေဂျင်စီက ဟောင်ကောင်ဒေါ်လာ ၁ သန်းခန့် ရင်းနှီးမြှုပ်နှံထားတယ်လို့ အဲဒီအေဂျင်စီနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ ဟောင်ကောင်လုပ်ငန်းရှင်က ဆိုပါတယ်။ အခုလို အလုပ်အကိုင် ရှာဖွေပေးခယူတာဟာ တရားဝင်ပါတယ်လို့လည်း သူကပြောပါတယ်။

ဒါပေမယ့် အလုပ်သမားအရေး အကျိုးဆောင်သူတွေကတော့ အခုလောက်များပြားတဲ့ အလုပ်ရှာဖွေပေးခ ကို မြန်မာအလုပ်သမားတွေအနေနဲ့ ပြန်လည်ပေးဆပ်ဖို့ အခက်အခဲရှိကြောင်းနဲ့ ဟောင်ကောင်မှာသွားရောက်ပြီး အိမ်ဖေါ်အဖြစ်လုပ်ကိုင်မယ့် မြန်မာအမျိုးသမီးတွေအနေနဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက လာရောက်လုပ်ကိုင်တဲ့ အိမ်ဖေါ်တွေထက်ပိုပြီး အကာအကွယ်မဲ့နိုင်တဲ့အရေးကိုလည်း စိုးရိမ်ပူပန်ကြောင်းပြောဆိုကြပါတယ်။ သူတို့က မြန်မာအိမ်ဖေါ်တွေကို ကူညီစောင့်ရှောက်မယ့် လူမှုအထောက်အကူအဖွဲ့အစည်းတွေ  ဟောင်ကောင်မှာ မရှိသေးဘူးလို့ ထောက်ပြကြပါတယ်။

မြန်မာအိမ်ဖေါ်တွေကို အလုပ်ရှာပေးတဲ့ ဟောင်ကောင် Golden Mind Employment Agency အလုပ်သမား ရှာဖွေပေးရေးအေဂျင်စီရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Law Yiu-Keung ဆိုသူကတော့ မြန်မာအိမ်ဖေါ်တွေအနေနဲ့ အခုပေးရမယ့် ဝန်ဆောင်ခအတွက် တစ်လကို ဟောင်ကောင် ဒေါ်လာနှစ်ထောင်နှုန်း အရစ်ကျပြန်လည်ပေးဆပ်နိုင်ကြောင်းနဲ့  အဲဒီဝန်ဆောင်ခကို မြန်မာအစိုးရနဲ့ ဒေသခံမြန်မာအေဂျင်စီက ခွဲဝေယူမှာဖြစ်ကြောင်း ပြောပါတယ်။ တဆက်တည်းမှာပဲ မြန်မာအိမ်ဖေါ်တွေအနေနဲ့ တစ်လကို လစာအဖြစ် ဟောင်ကောင်ဒေါ်လာ လေးထောင်ကျော် ရနိုင်တဲ့အတွက် ဒါဟာ မြန်မာပြည်မှာထက် ငါးဆလောက်ပိုရတာပဲလို့လည်း သူက ပြောဆိုပါတယ်။

မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနရဲ့ ရွှေ့ပြောင်းအလုပ်သမားရေးရာဌာန ညွှန်ကြားရေးမှှုး ဒေါ်ခင်ဝေဦး က ဟောင်ကောင်အလုပ်သမားအေဂျင်စီတွေဟာ မြန်မာနိုင်ငံမှာ အင်မတန်တက်တက်ကြွကြွ လာရောက်လုပ်ကိုင်နေကြတယ်လို့ပြောဆိုကြောင်း၊ ဒါပေမယ့်လည်း ပြည်ပကိုသွားရောက်လုပ်ကိုင်မယ့် မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မေးမြန်းရာမှာတော့ အဲဒီ ညွန်ကြားရေးမှူးက ဖြေဆိုဖို့ငြင်းပယ်ကြောင်း စသဖြင့် South China Morning Post သတင်းစာမှာ ရေးသားဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။