မွတ်စလင်ဒုက္ခသည်ရှစ်ထောင်ပြန်ပို့မယ့်ကိစ္စ မြန်မာအစိုးရ မသိ


2018.10.23
rohingya-refugees-622 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားဒေသရှိ ဒုက္ခသည်စခန်းက မွတ်စလင်တွေကို တွေ့ရစဉ်
Photo: UNHCR

မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတဲ့ မွတ်စလင်ဒုက္ခသည်တွေထဲက လူဦးရေ ၈ ထောင်လောက်ကို ဘင်္ဂလားဒေ့ရှ် ဘက်က ပြန်ပို့မယ့်ကိစ္စ မြန်မာအစိုးရဘက်ကို အသိပေးအကြောင်းကြားတာ မရှိသေးကြောင်း လူသားချင်းစာနာမှု အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ UEHRD ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mahmood Ali က အခုလ ၁၉ ရက်နေ့က အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲမှာ မွတ်စလင်ဒုက္ခသည်တွေထဲက လူဦးရေ ၈ ထောင်လောက်ဟာ ပထမဆုံးအသုတ်အဖြစ် သူတို့နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်က ရွာတွေကို မကြာခင်ပြန်ကြတော့မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ဘင်္ဂလားဒေ့ရှ်ဘက်က တရားဝင်ပြန်ပို့တာ မရှိသေးဘူးလို့လည်း ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံကို ပထမအသုတ်အနေနဲ့ ပြန်ပို့ဖို့ စာရင်းပေးပို့ထားတဲ့ ဒုက္ခသည် ၈၀၃၂ ဦးကို မြန်မာအစိုးရဘက်က အမှန်တကယ်နေထိုင်ခဲ့သူဟုတ်မဟုတ် စိစစ်ခဲ့ပြီး လူဦးရေ ၇၀၀၀ ကျော်ကို ပြန်လက်ခံဖို့ သဘောတူထားပြီး ဖြစ်ပေမယ့် တရားဝင်ပြန်ပို့သူ တစ်ဦး တစ်ယောက်မှ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်မလွှတ်သေးတာဖြစ်ကြောင်းနဲ့ နှစ်နိုင်ငံ သဘောတူညီချက် စာချုပ်အရ ပြန်လာလိုတဲ့ ဒုက္ခသည်တွေ ဖြည့်ရမယ့် လျှောက်လွှာပုံစံကို မြန်မာအစိုးရဖက်က ပို့ထားပြီးဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်ဖက်က ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေ မရရှိထားသေးကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

မွတ်စလင်ဒုက္ခသည်တွေဟာ နှစ်နိုင်ငံသဘောတူညီချက်အရမဟုတ်ဘဲ သူတို့အစီအစဉ်နဲ့သူတို့ မြန်မာနိုင်ငံဘက် ကို ပြန်လာကြသူ ၁၇၀ ကျော်ရှိနေပြီး အဲဒီလိုပြန်လာသူတွေကိုလည်း အစိုးရက စိစစ်လက်ခံနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။