ကုန်သွယ်မှုအထူးအခွင့်အရေး မရုပ်သိမ်းအောင် ညှိနှိုင်းဖို့ စီးပွားကူးသန်းပြင်ဆင်
2018.10.21

ဥရောပသမဂ္ဂ အီးယူက မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှု အထူးအခွင့်အရေး မရုပ်သိမ်းအောင် ညှိနှိုင်းဖို့ ပြင်ဆင်ထား တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဒီနေ့ ပြောပါတယ်။
ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို စေလွှတ်မယ့် ကော်မရှင်နဲ့ တွေ့ဆုံညှိနှိုင်းဖို့ အဆင်သင့် ပြင်ဆင်ထားတယ်လို့ အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက RFA ကို ပြောပါတယ်။
တကယ်လို့ ရုပ်သိမ်းခံရရင်လည်း ထိခိုက်မှုအများဆုံးရှိမယ့် အထည်ချုပ်လုပ်ငန်းတွေအတွက် တခြားဈေးကွက် အသစ်ကို တင်ပို့နိုင်ဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်မြောက်ပိုင်းအရေးနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဥရောပ သမဂ္ဂက မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်လောက်ကတည်းက ပေးထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေးကို ပြန်ရုပ်သိမ်းဖို့ စဉ်းစားနေတယ်လို့ ဥရောပသမဂ္ဂ အကြီးအကဲက ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့က ပြောကြားခဲ့ပါတယ်။
အထူးအခွင့်အရေးကို ရုပ်သိမ်းဖို့သင့် မသင့် လေ့လာဖို့အတွက် မြန်မာနိုင်ငံကို ကော်မရှင်တစ်ဖွဲ့ စေလွှတ်သွားမယ် လို့လည်း ပြောထားပါတယ်။