မြန်မာ့စီးပွားရေး ဆက်လက်ဦးမော့မယ်လို့ အိုင်အမ်အက်ဖ် ဟောကိန်းထုတ်
2013.05.22
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်အတွင်း စီးပွားရေးတိုးတက်မှု ၆ ဒသမ ၅ ရာနှုန်းရရှိခဲ့ပြီး၊ အဲဒီအရှိန်အဟုန်ကြောင့် ရှေ့မှာလည်း ဆက်လက်တိုးတက်မယ့် အလားအလားတွေ ရှိနေတယ်လို့ IMF နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ အကြီးအကဲက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံမှာ သဘာဝဓါတ်ငွေ့ထုတ်လုပ်မှုနဲ့ တိုးများလာနေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် လာမယ့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း စီးပွားရေးတိုးတက်မှု ၆ ဒသမ ၇၅ ရာခိုင်နှုန်း တိုးတက်ရရှိလိမ့်မယ်လို့ IMF က ခန့်မှန်းထားပါတယ်။
မြန်မာအာဏာပိုင်တွေရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ချမှတ်ဆောင်ရွက်နေတဲ့ အစီအစဉ်တွေဟာ တိုင်းပြည်စီးပွားရေး တည်ငြိမ်လာမှု၊ ရင်းနှီးမြှုပ်နှံလိုသူတွေရဲ့ စိတ်ဝင်စားမှုတွေကြောင့် အောင်မြင်မှုအသီးအပွင့်တွေ စတင်ရရှိလာပြီလို့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ အကြီးအကဲတစ်ဦးဖြစ်သူ Matt Davies က ပြောပါတယ်။
ဒါ့ပြင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ တိုးများလာတဲ့အတွက် မြန်မာနိုင်ငံရဲ့ ဘက်ဂျက်လိုငွေပြမှု ကွာဟချက်ကိုလည်း ကျဉ်းမြောင်းသွားစေလိမ့်မယ်လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်တွင်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံရှိခဲ့တဲ့အတွက် ၅ ဆ တိုးလာခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။