မြန်မာ့ပညာရေး ကမ္ဘာ့ဘဏ်နဲ့ သြစတြေးလျ ကူညီမည်


2014.10.14

မြန်မာကျောင်းသူကျောင်းသားတွေအတွက်  ပညာရေးဆိုင်ရာ ကူညီရေးအစီအစဉ်တစ်ရပ်ကို မြန်မာအစိုးရနဲ့ ကမ္ဘာ့ဘဏ်တို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ အောက်တိုဘာ ၁၁ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နဲ့ ကမ္ဘာ့ဘဏ်တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

သဘောတူညီချက်အရ ကမ္ဘာ့ဘဏ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်းရဲ့ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၈၀ နဲ့ သြစတြေးလျအစိုးရရဲ့ အလှူငွေ ဒေါ်လာသန်း ၂၀၊ စုစုပေါင်း ဒေါ်လာသန်း ၁ဝဝ မြန်မာပညာရေးအတွက် ရရှိမှာဖြစ်ပါတယ်။

အဲဒီ လှူဒါန်းငွေတွေနဲ့ ကျောင်းသူကျောင်းသားပေါင်း ၈ သန်းကျော် ပညာသင်ယူနေကြတဲ့ မြန်မာနိုင်ငံတဝှမ်းက စာသင်ကျောင်းတွေ၊ ဆင်းရဲချို့တဲ့တဲ့ ကျောင်းသား ၁ သိန်းဝန်းကျင် ကျောင်းဆက်နေနိုင်ရေးအတွက် ကူညီပေးသွားမှာဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့  ကြေညာချက်မှာ ဖော်ပြပါတယ်။

စီမံကိန်းမှာ ကျောင်းရန်ပုံငွေ တိုးတက်ရရှိရေးနဲ့ ကျောင်းသူကျောင်းသားတွေ ကျောင်းဆက်နေနိုင်ရေးဆိုတဲ့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ကျောင်းသားတွေအတွက် ထောက်ပံ့ကြေးစီမံကိန်းကို ကျောင်းထွက်နှုန်းများတဲ့ မြို့နယ် ၄၀ မှာ လောလောဆယ် စတင်ဆောင်ရွက်သွားဖို့ ရွေးချယ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ် စုစုပေါင်းရဲ့  ၂၀ ရာခိုင်နှုန်းဟာ  ကျောင်းပညာရေး ပြီးဆုံးအောင် မတက်နိုင်ကြဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။