အင်ဒိုရောက် မြန်မာတွေ ဂရုစိုက် သွားလာကြဖို့ သံရုံး သတိပေး


2017.09.05
myanmar-embassy-indonesia-622.jpg အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးနေရာပြ မြေပုံ
photo: google map

အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ ဂရုစိုက်သွားလာနေထိုင်ကြဖို့နဲ့ အရေးကြီးကိစ္စရှိရင် ဂျကာတာမြို့က မြန်မာသံရုံးကို ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း ဂျကာတာမြို့က မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်အရေးကိစ္စကြောင့် ပြည်ပနိုင်ငံတွေ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေ အများစုနေထိုင်ကြ တဲ့နိုင်ငံတွေမှာ ဆန္ဒပြတာတွေ အဆက်မပြတ် ဖြစ်နေတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထုတ်ပြန် အသိပေးထားတာလို့ ဂျာကာတာမြို့က မြန်မာသံရုံး သံမှူး ဦးကျော်စိုးသိန်း က ပြောပါတယ်။

"ကျနော်တို့က ကြိုတင်ကာကွယ်တဲ့အနေနဲ့ပါ၊ ဒီမှာဆန္ဒပြတာလေးတွေက မကြာမကြာဖြစ်နေတယ်၊ နောက်ပိုင်းဆူပူတာလေးတွေ ဖြစ်လာနိုင်တော့ သတိနဲ့နေကြထိုင်ကြဖို့  ဒါမျိုးတွေကတော့ မလေးရှား နိုင်ငံတွေဘက်မှာ မြန်မာသံရုံးကနေ မြန်မာတွေအတွက် အသိပေး သတိပေး ထုတ်ပြန်တာလေးတွေရှိပါတယ်။"

အရေးကြီးဆက်သွယ်လို့ ရနိုင်တဲ့ဖုန်းနံပါတ်တွေကတော့

ဦးကျော်စိုးသိန်း (သံမှူး) ၀၈၁၁ ၈၈၇၅ ၇၇၇ ၊

ဒေါ်လဲ့ရည်ဝင်း (ပထမ အတွင်းဝန်) ၀၈၁၃ ၈၆၃၁ ၁၆၅၉ ၊

ဒေါ်ငြိမ်းအိဖြူ ( ဒုတိယ အတွင်းဝန် ) ၀၈၁၂ ၉၆၈၇ ၁၅၁၁ ၊

ဦးဘုန်းမြင့်ဦး ( သံရုံးအုပ် ) ၀၈၁၂ ၉၇၉၇ ၂၂၆၂ ၊ နဲ့

မြန်မာသံရုံး ၀၂၁ ၃၁၅ ၈၉၀၈ ၊ ၀၂၁ ၃၁၅၉၀၉၅ တို့ကို ဆက်သွယ်နိုင်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာပါရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ တရားဝင်ရောက်ရှိနေထိုင်တဲ့ မြန်မာနိုင်ငံသား တစ်ရာနီးပါးလောက်ရှိတယ်လို့ သံရုံး က ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၃ရက်နေ့ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးဟာ ပေါက်ကွဲစေတဲ့ မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ဂျာကာတာရဲတပ်ဖွဲ့အဆိုအရ မြန်မာသံရုံး နောက်ဖေးလမ်းကြားဖက်မှာ ကင်းလှည့်နေတဲ့ ရဲတဦးက သံရုံးရဲ့  ဒုတိယထပ်မှာ မီးလောင်နေတာ မြင်တွေ့ရတဲ့အတွက် အရှေ့ဖက်မျက်နှာစာမှာ တာဝန် ယူနေတဲ့ လုံခြုံရေးကို အကြောင်းကြားပြီး ဂျာကာတာရဲတပ်ဖွဲ့ကို ထပ်ဆင့် အကြောင်းကြားတာလို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂ရက်နေ့လည်း မြန်မာ့ခေါင်းဆောင် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုချီးမြင့်ထားတဲ့ဆုကို ပြန်ရုပ်သိမ်းပေးဖို့ လူတစုက တောင်းဆိုတဲ့ ဆန္ဒပြပွဲကို မြန်မာသံရုံးရှေ့မှာ ကျင်းပခဲ့တယ်လို့ အင်ဒိုနီးရှားအစိုးရ သတင်းဌာန အန်တာဝါက ရေးသားကြောင်း ရိုက်တာသတင်းဌာန မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။