အပစ်ရပ်စာချုပ်မှာ အားလုံး ပါဝင်လက်မှတ်ထိုးရေး သဘောမတူပဲ ဆွေးနွေးပွဲပြီးဆုံး
2015.08.07

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဒီနေ့ ဆက်လက်ဆွေးနွေးရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်ရေးဆိုတဲ့ အချက်အပေါ် နှစ်ဘက်သဘောတူညီမှုမရရှိပဲ ဆွေးနွေးပွဲ ပြီးဆုံးသွားပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လက်မှတ်ရေးထိုးပွဲမှာ ပါဝင်မယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အရေအတွက်ကို ဆက်လက်ဆွေးနွေးရဦးမယ်လို့ ဆွေးနွေးပွဲမှာ ပြောပါတယ်။
"နောက်ဆုံးကျန်ရှိတဲ့ ဒီစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက မည်သူတွေလက်မှတ် ထိုးမလဲဆိုတဲ့ အဖြစ်နဲ့သာကျန်ပါတယ်၊ ဒီလိုကျနော်တို့ အောင်အောင်မြင်မြင်နဲ့ ဆွေးနွေးနိုင်တာဟာ နှစ်ဘက် ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်၊ အဲ့ဒီတော့ ကျနော်တို့ နောက်ဆုံးကျန်ရှိတဲ့ အချက်ကို ကျနော်တို့ အမြန်ဆုံးနည်းနဲ့ဖြတ်မှာပါ၊ ဒီဆွေးနွေးပွဲကြီး တကယ်လို့ အောင်မြင်မယ်ဆိုရင် လက်မှတ်ရေးထိုးပွဲကြီးကို ကျင်းပနိုင်တော့မှာဖြစ်ပါတယ်"
အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာလဂျာကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးပါဝင်လက်မှတ်ရေး တောင်းဆိုချက်ကို အဆုံးအဖြတ်ပေးနိုင်မယ့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ နေပြည်တော်မှာ ဒီလအတွင်း တွေ့ဆုံသွားမယ်လို့ ဆွေးနွေးပွဲမှာ ပြောပါတယ်။
တိုင်းရင်းသား အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်တွေက အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသား အဖွဲ့တွေ အားလုံးပါဝင်ဖို့ လိုလားကြပေမယ့် အစိုးရဘက်ကတော့ လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့နဲ့ပဲ ဦးစွာ လက်မှတ်ရေးထိုးဖို့ ပြောထားပါတယ်။
မနေ့ကစတင်ကျင်းပတဲ့ နှစ်ရက်ကြာဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးတဲ့အခါ အစိုးရဘက်က ဘယ်သူတွေ လက်မှတ်ရေးထိုးမလဲ ဆိုတဲ့အချက်နဲ့ အသိသက်သေတွေအဖြစ် ပြည်တွင်း နဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေကို ဖိတ်ကြားဖို့ဆိုတဲ့အချက်တွေကို သဘောတူညီမှုရခဲ့ကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြထားတာ နားဆင်နိုင်ပါတယ်။