မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ယူရို ၁၅ သန်း EU ထပ်တိုးကူညီ

RFA Burmese
2024.06.20
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ယူရို ၁၅ သန်း EU ထပ်တိုးကူညီ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြောင့် အကူအညီတွေ လိုအပ်နေတဲ့ ဒုက္ခသည်တွေနဲ့ နိုင်ငံပြင်ပထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ယူရို ၁၅ သန်း ထပ်မံ ကူညီထောက်ပံ့ပေးသွားမယ်လို့ ဥရောပသမဂ္ဂ (EU) က ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အီးယူက ကူညီသွားမဲ့ ယူရို ၁၅ သန်းကို အိုးအိမ်စွန့်ခွာထွက်ပြေးသွားရတဲ့ ဒုက္ခသည်တွေအတွက် အစားအသောက်၊ အမိုးအကာနဲ့ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းရေးအတွက် ထပ်မံကူညီသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီအစီအစဉ်မှာ ပြည်တွင်းက ဒုက္ခသည်တွေအပါအဝင် တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက်ပါ အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ တိုးလာတယ်လို့လည်း ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျပ်အတည်းတွေကြား ပြည်သူ ၁၈.၆ သန်း အကူအညီလိုအပ်နေပြီး ၂၀၂၃ ခုနှစ်နောက်ပိုင်း နေရပ်စွန့်ခွာသူ လူဦးရေ ငါးဆတိုးမြှင့်လာတာ အခုဆို သုံးသန်းကျော်သွားပြီလို့ ဆိုပါတယ်။

ဥရောပသမဂ္ဂ (EU) အနေနဲ့ မြန်မာနိုင်ငံကို ၁၉၉၄ ခုနှစ်က စတင်အကူအညီပေးခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ လူသားချင်းစာနာထောက်ထားမှုအတွက် ယူရိုသန်း ၁၉ သန်းကျော်နဲ့ အကျပ်အတည်းတွေဖြေရှင်းဖို့ နောက်ထပ် ယူရို နှစ်သန်း ကူညီပေးဖို့ အတည်ပြုခဲ့ပါတယ်။

ပဋိပက္ခတွေများနေတဲ့ မြန်မာနိုင်ငံအတွက် စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ်အထိ ယူရို ၃၆ သန်း ထောက်ပံ့ပေးထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။