ရေဘေးသင့်သူတွေ နယ်စပ်ဖြတ်ကျော် အကူအညီလိုနေကြောင်း SAC-M ထုတ်ပြန်
2024.09.17

ရာဂီမုန်တိုင်းဒဏ်ခံရတဲ့ မြန်မာပြည်သူတွေကို အိမ်နီးချင်းနိုင်ငံနယ်စပ်တွေကတစ်ဆင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးဖို့ အရေးပေါ်လိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က စက်တင်ဘာလ ၁၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံတကာနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေသူတွေထံ ရောက်နိုင်ဖို့ မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေအနေနဲ့ နယ်စပ်တွေကို ဖွင့်ပေးဖို့ SAC-M က ပြောထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး အကူအညီတွေ ဖြန့်ဝေပေးဖို့လည်း တိုက်တွန်းထားပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တဲ့ ရာဂီမုန်တိုင်းဒဏ်ကြောင့် နိုင်ငံအနှံ့ရေကြီးရေလျှံတာတွေနဲ့ မြေပြိုတာတွေကြောင့် ထိခိုက်ပျက်စီးမှုတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
နေပြည်တော်နဲ့ မန္တလေးတိုင်းအနီးတဝိုက်က မြေနိမ့်ပိုင်းမြို့တွေမှာ ရေနစ်မြုပ်ခဲ့ပြီး ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့တောင်ပိုင်း၊ ကရင်နီ၊ ကရင်၊မွန်ပြည်နယ်တွေမှာလည်း ရေလွှမ်းမိုးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရာဂီမုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ရာနဲ့ချီရှိခဲ့ပြီး နေရပ်စွန့်ခွာခဲ့ရသူ သိန်းပေါင်းများစွာ ရှိခဲ့ကြောင်းလည်း SAC-M က ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ လေးနှစ်နီးပါး စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေဖြစ်နေတာကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေတာလို့လည်း SAC-M က ထောက်ပြထားပါတယ်။
စစ်ကောင်စီက အရပ်သားပြည်သူတွေကို လေကြောင်းကရော လက်နက်ကြီးနဲ့ပါ တိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးပြီး နေအိမ်တွေ ပျက်စီးဆုံးရှုံးနေရတယ်လို့လည်း ပြောပါတယ်။
ဒီလိုအကျပ်အတည်းတွေကြားထဲ ရာဂီမုန်တိုင်းဒဏ်ကို ထပ်မံခံစားနေရတဲ့ မြန်မာပြည်သူတွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတာလို့ ကြေညာချက်မှာ ပြောထားပါတယ်။